ရန်ကုန် စက်တင်ဘာ ၁၉
ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ယဲကာကျရင်ဘုဂ်မြို့၌ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာလူငယ်ပွဲတော် (International Festival of Youth 2026) သို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာလူငယ်ပွဲတော်၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်သို့ သွားရောက်လေ့လာသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတကာမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်ကြီးများနှင့်အတူ လူငယ်ပွဲတော်ကျင်းပရေးကော်မတီ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင် ကမ္ဘာတစ်ဝန်းရှိ တက်ကြွလှုပ်ရှားသူ လူငယ်များအကြား ချိတ်ဆက်ပေါင်းစပ်လျက် ဟန်ချက်ညီသောရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရေး၊ လူငယ်ရေးရာမူဝါဒ၏ အနာဂတ်မျှော်မှန်းချက်များကို ဆွေးနွေးအဖြေရှာရေး၊ ထိရောက်သောအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များ ချမှတ်ရေးဆွဲရေးနှင့် ယနေ့ခေတ် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ သဘောတရားများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာလူငယ်ပွဲတော်ဖွင့်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပွဲတော်ကျင်းပရေးကော်မတီ အစည်းအဝေးခန်းမ၌ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့်အတူ မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတကာမှ လူငယ်ခေါင်းဆောင်များ၏ လူငယ်ရေးရာမူဝါဒ အမျိုးသာအဆင့် ဆောင်ရွက်နေမှုများအပေါ် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
စက်တင်ဘာ ၁၅ ရက်တွင် ယဲကာကျရင်ဘုဂ်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်း၌ မျိုးဆက်သစ်လူငယ်များ အားကစားလေ့ကျင့်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ယဲကာကျရင်ဘုဂ်ဒေသရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် Mr. Pasler Denis Vladimirovich နှင့် တွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ ယဲကာကျရင်ဘုဂ်မြို့ရှိ လူငယ်စင်တာ (Palace of Youth Center) ကို သွားရောက်၍ ဆယ်ကျော်သက်လူငယ်များအတွက် ချမှတ်ထားသည့် အစီအစဉ်များ၊ အနုပညာတီထွင်ဖန်တီးမှုများနှင့် ဒေသဆိုင်ရာလူငယ်စီးပွားရေး စွမ်းဆောင်ရှင်များအဖွဲ့၏ ထုတ်ကုန်များကို လေ့လာသည်။
ထိုမှတစ်ဆင့် အစိုးရရေကြောင်း လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ရေကြောင်းလူငယ်များ၏ လေ့ကျင့်နေမှုကိုလည်းကောင်း၊ စစ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ လူငယ်အသက်မွေးဝမ်းကျောင်းစခန်း (Military and Civil Youth Vocational Camp) ၌ လူငယ်များအသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့သင်ကြားနေမှုများနှင့် ဒီဂျစ်တယ်နည်းပညာအသုံးချနေမှုကိုလည်းကောင်း၊ ပြတိုက်စင်တာတွင် ပြသထားရှိသည့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က လွှင့်တင်ခဲ့သော (Buran-Class Orbiter) အာကာသယာဉ်ဟောင်း ပြခန်းကိုလည်းကောင်း သွားရောက်လေ့လာသည်။
စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်ရေးရာဖက်ဒရယ် အေဂျင်စီ၏ ဒုတိယဥက္ကဋ္ဌ Mr. Denis Valerievich Ashirov နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား လူငယ်ရေးရာကိစ္စရပ်များ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးနှင့် အာဆီယံ-ရုရှား လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပပြုလုပ်နိုင် ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Xiaofei Tian နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံလူငယ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံအပေါင်းသုံး လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ လူငယ်နှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံလူငယ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးနိုင်ရေးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြသည်။
ညနေပိုင်းတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာလူငယ်ပွဲတော်ပိတ်ပွဲသို့ ပါဝင်တက်ရောက်ပြီး အဆိုပါပွဲတော်သို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ပြည်ထောင်စုဝန်ကြီးအဆင့် ကိုယ်စားလှယ်ကြီး ၁၃ ဦး၊ ဒုတိယဝန်ကြီးအဆင့် ကိုယ်စားလှယ်ကြီး ကိုးဦးနှင့် နိုင်ငံပေါင်း ၁၉၀ ကျော်မှ လူငယ် ၁၀၀၀၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


