ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဟာ တစ်ကြိမ်ထိုးနှံမှုအတွက် ဒေါ်လာ ၁၀ အောက်သာ ကုန်ကျမည်

၂၅ နိုဝင်ဘာ

ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကာကွယ်ဆေး Sputnik V ဟာ တစ်ကြိမ်ထိုးနှံမှုအတွက် ဒေါ်လာ ၁၀ အောက်သာ ကုန်ကျမှာဖြစ်ပြီး နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်ကြောင်းနဲ့ နှစ်ကြိမ်ထိုးနှံပြီးပါက  ၉၅ ရာခိုင်နှုန်းအထိ အစွမ်းထက်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဆေးဟာ သိမ်းဆည်းသိုမှီးရတာ လွယ်ကူပြီး ကုန်ကျငွေလည်း သက်သာတယ်လို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဒသမ ၄ သန်း နီးပါး သေဆုံးနေတာကို တွေ့ရပါတယ်။ အဲဒီရောဂါကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ပြည်သူတွေကို ထိုးနှံပေးရန် နိုင်ငံတကာက မျှော်လင့်နေကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး အစောဆုံးအောင်မြင်တဲ့ နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံလည်း ပါဝင်ပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသူတွေက ၉၅ ရာခိုင်နှုန်းအထိ ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်ကြောင်း ဆေးစမ်းသပ်ရာတွင် ပါဝင်သူများရဲ့ အချက်အလက်အရ သိရပါတယ်။ 

နိုင်ငံတကာဈေးကွက်တွင် ကာကွယ်ဆေးတစ်လုံးကို ၁၀ ဒေါ်လာ အောက် (၈ ဒသမ ၄၀ ယူရို) နဲ့ ရောင်းချပေးနိုင်မှာဖြစ်ပြီး ရုရှားနိုင်ငံသားတွေအတွက် အခမဲ့ ထိုးပေးမယ်လို့ ရုရှားကာကွယ်ဆေးထုတ်လုပ်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ 

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ဆေးဟာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ် ကနေ ၈ ဒီဂရီစင်တီဂရိတ် ကြားမှာ သိမ်းဆည်းသိုလှောင်နိုင်တဲ့အတွက် သိုလှောင်ရာတွင် လွယ်ကူကြောင်း သိရပါတယ်။ 

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂ ဒသမ ၁၄ သန်းရှိတဲ့အတွက် ကမ္ဘာမှာ ပဉ္စမမြောက် ပိုးကူးစက်သူ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်သေဆုံးသူ ၃၇, ၀၃၁ ဦးသာ ရှိတဲ့အတွက်  ဗိုင်းရပ်စ် ပိုးဒဏ် အဆိုးဆုံးခံရတဲ့ နိုင်ငံတွေထက် အများကြီး နည်းနေတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP