ရုရှားနိုင်ငံထုတ် စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက လူတစ်ဦးလျင် ဒေါ်လာ ၂၀ အောက်သာ ကျသင့်မည်

၂၅ နိုဝင်ဘာ

 

ရုရှားနိုင်ငံထုတ် စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက နိုင်ငံတကာစျေးကွက်တွင် လူတစ်ဦးအတွက် ဒေါ်လာ ၂၀ အောက်သာ ကျသင့်မည်ဖြစ်ပြီး ရုရှားနိုင်ငံက လာမည့်နှစ်တွင် ပြည်တွင်း၊ ပြည်ပ၌ အဆိုပါ ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

စပွတ်ညစ်ခ်-ဗွီ ကာကွယ်ဆေးကို လူတစ်ဦးလျင် နှစ်ကြိမ် ထိုးရမည်ဖြစ်ပြီး တစ်ကြိမ်ထိုးလျင် ၁၀ ဒေါ် လာစီ ကျသင့်မည်ဖြစ်ကာ ရုရှားနိုင်ငံသားများအတွက် ကာကွယ်ဆေး အခမဲ့ထိုးပေးမည်ဟု စပွတ်ညစ်ခ်-ဗွီက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 

ရုရှားနှင့် ပြည်ပရှိမိတ်ဖက်နိုင်ငံများက လူပေါင်း သန်း ၅၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်မည့် စပွတ်ညစ်ခ်-ဗွီ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော်ကို လာမည့်နှစ်မှစ၍ ထုတ်လုပ်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) အကြီးအကဲ ကီရေးလ်ဒီမီထရိဗ်က ပြောသည်။

 

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက တစ်ကြိမ်ထိုးလျင် ၁၈ ဒေါ်လာကျသင့်မည့် Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးထက် စျေးသက်သာသော်လည်း တစ်ကြိမ်ထိုးလျင် ၃ ဒေါ်လာသာ ကျသင့်မည့် AstraZeneca ကာကွယ်ဆေးထက် စျေးပိုကြီးသည်။

 

စပွတ်ညစ်ခ်-ဗွီ ကာကွယ်ဆေးက ထိရောက်မှုအဆင့် တူညီသော mRNA ကာကွယ်ဆေးများထက် နှစ်ဆကျော် စျေးသက်သာမည်ဟု RDIF က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

 

အတည်ပြု ကိုဗစ်ကူးစက်မှု ၃၉ မှုနှင့် ဆေးနှစ်ကြိမ်ထိုးထားသည့် လူနာ ၁၈၇၉၄ ဦးကို အခြေခံသော လက်တွေ့စမ်းသပ်မှုအရ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၁ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဟု ပြသခဲ့ကြောင်း RDIF နှင့် ဂါမာလီယာအမျိုးသားစင်တာက ယမန်နေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

 

ကိုးကား-CNA