ရုရှားနိုင်ငံက လူသားပုံတူစက်ရုပ်ကိုအာကာသတွင်းသို့ ပထမဆုံးအကြိမ် လွှတ်တင်

မော်စကို ၂၄ သြဂုတ် 
လူသားပုံတူစက်ရုပ်တစ်ရုပ်ကို ရုရှားနိုင်ငံက အာကာသတွင်းသို့ ပထမဆုံးအကြိမ် စေလွှတ်ခဲ့သည်။ ဖီဒေါဟုအမည်ပေးထားသည့် ယင်းလူသားပုံတူစက်ရုပ်ကိုသြဂုတ် ၂၂ ရက်တွင် ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနူး အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဆိုယုဇ်အာကာသယာဉ်ဖြင့် တင်ဆောင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ဆိုယုဇ် အာကာသယာဉ်သည် ယင်းလူသားပုံတူစက်ရုပ်နှင့်အတူ နိုင်ငံတကာ အာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်) သို့ သိပ္ပံပညာစမ်းသပ်ရေး ကိရိယာများနှင့် စားနပ်ရိက္ခာများကိုပါ တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ 
ဖီဒေါ သို့မဟုတ် စကိုင်းဘော့တ် အက်ဖ်-၈၅၀ အမည်ရှိ လူသားပုံတူ စက်ရုပ်သည် အရပ် စင်တီမီတာ ၁၈၀ ရှိပြီး အလေးချိန်မှာ ကီလိုဂရမ် ၁၆၀ ရှိသည်။ အာကာသပြင်ပနှင့် သဘာဝဘေးသင့် ဒေသများ၌ အသုံးပြုနိုင်ရေးအတွက် ရုရှားအစိုးရက လူသားပုံတူစက်ရုပ် ဖီဒေါကို လွန်ခဲ့သည့် ငါးနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 
နိုင်ငံတကာ အာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်)သို့ ရောက်ရှိပြီးနောက် ရက်သတ္တ နှစ်ပတ်အကြာမျှ အဆိုပါလူသားပုံတူ စက်ရုပ်ဖီဒေါကို မြေဆွဲအားမဲ့ အခြေအနေ၌ ယင်း၏ စွမ်းဆောင်ရည်များကို စမ်းသပ်မည်ဖြစ်သည်။ ရုရှားနိုင်ငံသည် ကမ္ဘာဘာပေါ်၌ အာကာသတွင်းသို့ ဂြိုဟ်တုများ လွှတ်တင်ရာတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း အာကာသယာဉ်လွှတ်တင်ရာ၌ မအောင်မမြင် ဖြစ်ခဲ့မှုများ အစီအရီဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းကဏ္ဍ၌ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နောက်သို့ ကျရောက်ခဲ့ရသည်။ 
အမေရိကန်ပြည်ထောင်စုသည် လူသားပုံတူစက်ရုပ်တစ်ရုပ်ကို ၂၀၁၁ ခုနှစ်အတွင်း၌ အာကာသသို့စေလွှတ်ခဲ့သည်။ 
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဇော်ဝင်း