မော်စကို စက်တင်ဘာ ၂၂
ရုရှားနိုင်ငံ၏ အာကာသဆိုင်ရာ လုပ်ငန်းသည် နိုင်ငံ၏အဓိက စီးပွားရေးကဏ္ဍများကို အထောက်အကူပြုနေကြောင်း ဝန်ကြီးချုပ် မီခေးမီရှူစတင်က စက်တင်ဘာ ၂၂ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် လူလိုက်ပါသည့် အာကာသယာဉ် အစီအစဉ်များကို အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၎င်းအစီအစဉ်တွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အာကာသ ယာဉ်သစ်တစ်စင်း တည်ဆောက်ခြင်းနှင့် အနာဂတ်တွင် နိုင်ငံတကာ အာကာသစခန်းနေရာ၌ အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်မည့် ရုရှားနိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်း (Russian Orbital Station) တည်ဆောက်ခြင်းတို့ ပါဝင်သည်ဟု ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဒီမီထရီဘာကာနော့ဗ်နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။
အာကာသလုပ်ငန်း ကဏ္ဍသည် နိုင်ငံ၏စီးပွားရေးဆိုင်ရာ အဓိက ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြောက်ပိုင်း ပင်လယ်လမ်းကြောင်း၌ ရာသီဥတုနှင့်ရေခဲပြင် အခြေအနေစောင့်ကြည့်ရေးဂြိုဟ်တုများ လွှတ်တင်ကာ လုပ်ငန်းများ ဆောင်ရွက်နေပြီး အာကာသဆိုင်ရာ စူးစမ်းလေ့လာရေးလုပ်ငန်းများကိုလည်း ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။
ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း ဆက်သွယ်ရေး၊ အာကာသပတ်လမ်းကြောင်းပြစနစ်နှင့် ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ဂြိုဟ်တုများအပါအဝင် အာကာသယာဉ်နှင့် ဂြိုဟ်တု စုစုပေါင်း ၆၀ နီးပါးကို အာကာသ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ပြီး စုစုပေါင်းအရေအတွက်မှာ ၄၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း ဒီမီထရီဘာကာနော့ဗ်က ပြောကြားခဲ့သည်။
ဆင်ဟွာ


