ရုရှားခရီးသွားများ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်မှုများပြားလာ

ဟနွိုင်း  ဩဂုတ်  ၁၆

ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်အတွင်း ရုရှားခရီးသွားဝင်ရောက်မှုများပြားလာကြောင်း သိရသည်။

ဗီယက်နမ် ကမ်းရိုးတန်းဒေသများသို့ ရုရှားခရီးသွားများ ဝင်ရောက်မှုများပြားလာခြင်းဖြစ်သည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း ရုရှားခရီးသွား ၇၄၂၀၀၀ သည် ဗီယက်နမ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းပမာဏသည် ယခင်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။

ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးသွားများတွင် တရုတ်နှင့်တောင်ကိုရီးယားခရီးသွားများ ပြီးနောက် ရုရှားခရီးသွားများသည် တတိယနေရာတွင် တည်ရှိနေသည်။

ရုရှားခရီးသွားများ ပြည်ပသွားရောက်သည့် ခရီးများ၏ ၇ ဒသမ ၈ ရာခိုင်နှုန်းမှာ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ရုရှားခရီးသွား တစ်သန်းကျော်ကို လက်ခံရန် ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်က စံချိန်တင်အရေအတွက်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ရုရှားခရီးသွားလုပ်ငန်းဆိုင်ရာအသင်းက ပြောကြားသည်။

ရုရှားနိုင်ငံမှ ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းဒေသ Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပတ်စဉ် စင်းလုံးငှားလေယာဉ် ၈၅ စင်းမှ ၉၅ စင်းအထိ တိုက်ရိုက်ပျံသန်းလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံရှိ ဟာလောင်းပင်လယ်အော်တည်ရှိရာ ကွမ်နန်ပြည်နယ်သို့လည်း တိုက်ရိုက်လေကြောင်းလိုင်းများပြေးဆွဲရန် ကမ္ဘာပေါ်ရှိခရီးသွားလုပ်ငန်းဖြစ်သည့် ANNEX TOUR ကဲ့သို့သော လုပ်ငန်းများက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။ ရုရှားခရီးသွားများ အနေဖြင့် ဗီယက်နမ်နိုင်ငံကို သွားရောက်ရန် ရွေးချယ်ခြင်းသည် ပြည်ဝင်ခွင့်ဗီဇာပြုလုပ်ရာတွင် လွယ်ကူခြင်း၊ သင့်တင့်သည့် ခရီးသွားကုန်ကျစရိတ်ရှိခြင်း၊ တည်းခိုရန် ဟိုတယ်များကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ လုံခြုံစိတ်ချရမှုရှိခြင်းနှင့် သဘာဝကိုထိတွေ့ခံစားနိုင်ခြင်း စသည့် အားသာချက်များရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများသည် နွေရာသီတွင် ဒါနန်နှင့် နာထရန်သို့ ရာသီအလိုက် ခရီးသွားအစီအစဉ်များကို ဆောင်ရွက်နေပြီး ဗီယက်နမ်နိုင်ငံအား  ရုရှားခရီးသွားများအတွက် တစ်နှစ်ပတ်လုံးသွားရောက်ရာ ခရီးသွားနေရာတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်နေကြောင်း သိရသည်။

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ