ရုပ်ပျိုကိုယ်နုနည်းလမ်းအတွက် ခြေတစ်လှမ်းရှေ့တက်

ရုပ်ပျိုကိုယ်နုနည်းလမ်းဆိုသည်မှာ သမိုင်းမတင်မီခေတ်ကတည်းက လူသားတို့  မက်မောခဲ့ကြသောနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယခု သိပ္ပံခေတ်တွင်လည်း ထိုနည်းလမ်းကို သိပ္ပံပညာရှင်များက  ရှာဖွေဖို့ လက်မတွန့်ခဲ့ကြ။

ယေးလ်တက္ကသိုလ်မှ သုတေသနတစ်ဖွဲ့က သက်ရှည်ကျန်းမာ သုတေသန ၅၁ ခု၊ သွေးနမူနာ ၃၁၂၈ ခုတို့ကို စုစည်းပြီး ဒီအင်န်အေနည်းပညာကို အခြေခံသည့် ဇီဝနာရီ ၁၆ မျိုးနှင့် ပြန်လည်ဆန်းစစ်ခဲ့ရာ ရုပ်ပျိုကိုယ်နုစေဖို့   ခြေလှမ်းတစ်လှမ်း  ရှေ့တိုးနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

ယေးလ်ဆေးကျောင်မှ သုတေသီ ရာဂက်ဗ် ဆာဂယ်က “ပထမဆုံးအကြိမ် အနေနဲ့ကုသမှုတချို့မှာ တိုင်းတာလို့ရတဲ့ အကျိုးသက်ရောက်မှုတွေရှိနေတာ ကျွန်တော်တို့   တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။

ယခု တွေ့ရှိမှုအရ စမ်းသပ်ထားသော နည်းလမ်း ၅၁ ခုတွင် ၁၉ ခုသည် ဇရာထောင်းမှုကို သိသိသာသာ သက်ရောက်သည်ဟုဆိုသည်။ ပြင်ဆင်တွက်ချက်မှုများပြုလုပ်ပြီးချိန်၌ ၁၃ ခုက ခိုင်မာသော သက်ရောက်မှုများရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ လေ့လာမှုတွင် အမူအကျင့်ပိုင်းဆိုင်ရာနှင့်  ဆေးဝါးပိုင်းဆိုင်ရာ နှစ်မျိုးစလုံးပါဝင်ရာ နှစ်မျိုးလုံး၌ ထိရောက် မှုများရှိသည်ကို တွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

တကယ်တော့   ယခုတွေ့ရှိမှုမှာ ရုပ်ပျိုကိုယ်နုနည်းလမ်းထက် ဒီအင်န်အေနည်းပညာသုံး  ဇီဝနာရီတိုင်းတာမှုက ပိုပြီး အဓိကကျသည်။ ထိုနည်းလမ်းမရှိခဲ့သည့်   ယခင်က   လေ့လာမှုများတွင် အမူအကျင့်တစ်ခု   သို့မဟုတ်   ဆေးဝါးတစ်မျိုးက အရွယ်ရင့်လာခြင်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို တိုင်းတာဖို့မဖြစ်နိုင်ခဲ့ပေ။ တစ်ဖက်တွင် ဗီတာမင်များ၊  အိုမီဂါသရီး  အစရှိသည့် ဖြည့်စွက်စာများမှာ  ဇရာအတွက် ထိရောက်မှုမရှိကြောင်းကို ပြနိုင်ခဲ့သည်။

ယခုတွေ့ရှိမှုက ရုပ်ပျိုကိုယ်နု နည်းလမ်းအတွက် ကဏ္ဍလေးခု ထုတ်ပြသည်။ နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ဓာတ်စာများ၊ ဖြည့်စွက်စာများနှင့် ဆေးဝါးတို့ဖြစ်သည်။ လေ့ကျင့်ခန်း၊ စားသောက်နေထိုင်ပုံနှင့် ညွှန်ကြားချက်အလိုက် သောက်ရသည့် ဆေးဝါးများပေါင်းလိုက်လျှင် အရွယ်ကြီးရင့်နှုန်းကို လျော့ကျစေနိုင်ကြောင်း သက်သေပြနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref: scitechdaily