စံအောင်မြတ်(ရထား)
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ(ODA Loan)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တောင်ငူ- နေပြည်တော်၊ နေပြည်တော် - မန္တလေးရထားလမ်းပိုင်း၊ ပဲခူး- မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းတို့အား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရထားအမြန်နှုန်းများတိုးမြှင့်၍ ပြေးဆွဲချိန်လျှော့ချခြင်း၊ ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေ ရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား ရန်ကုန်- မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းများတွင် ပြေးဆွဲပေးခြင်းနှင့်အတူ အခြားလူစီးရထား၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ စုစုပေါင်း ရထားစင်းရေ ၇၈ စင်းနှင့် ကုန်ရထား၊ ကျောက်ရထားများ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါသည်။
ရထားများ မြန်နှုန်းမြှင့်ပြေးဆွဲလာသည်နှင့်အမျှ ရထားလမ်းကူးများတွင် ယာဉ်အန္တရာယ်မတော်တဆမှုများနှင့် စည်းကမ်းမဲ့ရထားလမ်းဖြတ်ကူးသူများ၏ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ ရထားလမ်းအသုံးပြုဖြတ်သန်းနေရသည့် ပြည်သူများအနေဖြင့် ရထားအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များကို မဖြစ်မနေ လိုက်နာကျင့်ကြံရမည်ဖြစ်ပါသည်။
မြန်မာ့မီးရထားအနေဖြင့်လည်း ထိုအချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ မကြာခဏ ပညာပေး အစီအစဉ်အနေဖြင့် ထုတ်လွှင့်ပြသပေးပြီး ရထားလမ်းဖြတ်သန်းရာ မြို့နယ်၊ ကျေးရွာများသို့လည်း တာဝန်ရှိသူများနှင့်အတူ လူထုအသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရထားပို့ဆောင်ရေး လုပ်ငန်းနည်းဥပဒေကိုထုတ်ပြန်ကာ ပြည်သူများ သိရှိလိုက်နာစေရန် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာ့မီးရထားဝက်ဘ်ဆိုက်များတွင် ကြေညာထားရှိပါသည်။ အဆိုပါ ဥပဒေနှင့် နည်းဥပဒေများကိုလည်း ခေတ်နှင့်အညီဖြစ်စေရန် မြန်မာ့မီးရထား တာဝန်ရှိသူများနှင့် ဥပဒေပညာရှင်များပူးပေါင်း၍ ပြင်ဆင်လျက်ရှိပြီး ပြည်သူများကို ပိုမိုသိရှိလိုက်နာစေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
လိုက်နာရမည့် စည်းကမ်းချက်များအနေဖြင့် ရထားသံလမ်းအား ခေါင်းအုံး၍ မလဲလျောင်းရ၊ ရထားသံလမ်းပေါ်တွင် ဝိုင်းဖွဲ့စကား ပြောခြင်း၊ နားနေခြင်းမပြုရ၊ မီးရထားပိုင်နယ်မြေအတွင်း လူ (သို့မဟုတ်) ကျွဲ/နွား တိရစ္ဆာန်များ ကျူးကျော်ဝင်ရောက်ခြင်း၊ လွှတ်ကျောင်းခြင်း၊ ဖြတ်သန်းစေခြင်းမပြုရ၊ ရထားတံတားပေါ်မှ ဖြတ်သန်းခြင်းမပြုမီ ရှေ့နောက် ရထားသွားလာမှုကိုကြည့်ပြီး ရထားမရှိမှသာ တံတားပေါ်မှ မြန်မြန်ဖြတ်သန်းရန်၊ ရထားလမ်းကူးမည့် သူများသည် ဘေးဘယ်/ ညာ ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ ဆင်ခြင်မဲ့ ဖြတ်ကူးခြင်းမပြုရ၊ ရထားလမ်းပေါ်၊ ရထားလမ်းနှင့် မလွတ်ကင်းသည့်နေရာမှ လမ်းလျှောက်ခြင်းမပြုရ၊ ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း၊ ရထားမရပ်မီ ရထားပေါ်မှ ခုန်ဆင်းခြင်းမပြုရ၊ ရထားလမ်းနှင့် မလွတ်ကင်းသည့်နေရာတွင် ယာဉ်ချွတ်ယွင်းရပ်တန့်ပါက ရထားအချိန်မီ ရပ်တန့်နိုင်ရေးအတွက် ရထားလာနေသည့်ဘက်သို့ လူတစ်ဦးမှ သွားရောက်အချက်ပြခြင်း၊ ရထားဝန်ထမ်းအား အသိပေးခြင်း ဆောင်ရွက်ပြီးမှသာ ယာဉ်ကို လွတ်ကင်းအောင်ဆောင်ရွက်ရန်၊ ရထားပြေးလမ်း၏ အနီးဆုံးသံလမ်းမှ ၁၀ ပေအတွင်း မည်သည့် ပစ္စည်းမှစုပုံခြင်း၊ ၁၀ ပေအမြင့်ထက် ပို၍စုပုံခြင်း၊ ယာဉ်များ ရပ်တန့်ထားခြင်းမပြုလုပ်ရ၊ ဘူတာရုံများ၌ ရထားစောင့်ဆိုင်းနေစဉ် ပလက်ဖောင်းမျဉ်းဝါလိုင်းအတွင်းသို့ ဝင်ရောက်ခြင်းမပြုရ၊ သက်ကြီးရွယ်အိုများ၊ ဆွံ့အနားမကြားသူများ၊ မသန်စွမ်းသူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကလေးသူငယ်များ အဖော်မပါဘဲ ရထားလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရ၊ ရထားလမ်းကူးစဉ် ရထားလာနိုင် သည်ဟု အမြဲတွေးထားပါ၊ ရထားလမ်းဖြတ်သန်းစဉ် အမြင်နှင့် အကြားအာရုံ နှောင့်ယှက်နိုင်သော နားကြပ်၊ စောင်၊ ပဝါ၊ ခေါင်းစွပ်နှင့် အခြားသောပစ္စည်းများကို တပ်ဆင်မထားရပါ၊ ရထားလမ်းပေါ်၊ ရထားလမ်းနှင့် မလွတ်ကင်းသည့်နေရာများတွင် လက်ကိုင်ဖုန်းများဖြင့် လူမှုကွန်ရက်အသုံးပြုခြင်း၊ ဖုန်းပြောခြင်းများ ရှောင်ရှားပါ၊ သတ်မှတ်ထားသောနေရာမှသာကူးပါ၊ ရထားလမ်းကူးရှိ အန္တရာယ်ကင်းရှင်းရေး အချက်ပြဆိုင်းဘုတ်များအား သေချာစွာဖတ်ရှုပါ၊ ရထားလမ်း ဂိတ်ပိတ်ထားစဉ် လွတ်ကင်းသည့်အကွာအဝေးတွင် ရပ်တန့်ရန်နှင့် တရားမဝင်လမ်းကူးနေရာများမှ ဖြတ်သန်းခြင်းမပြုရန်နှင့် တရားဝင် လမ်းကူးနေရာမှသာ ဖြတ်သန်းရန် စသည်ဖြင့် မီဒီယာကဏ္ဍအမျိုး မျိုးမှလည်းကောင်း၊ သက်ဆိုင်ရာ Website များတွင်လည်းကောင်း အသိပေးထုတ်ပြန်ပြီးဖြစ်ပါသည်။
တရားမဝင် ရထားလမ်းကူးနေရာနှင့် တရားဝင် ရထားလမ်းကူး နေရာဟုဆိုရာတွင် မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနနှင့် သွားလာပို့ဆောင်ရေးဌာနတို့မှ တာဝန်ယူပြီး ရထားလမ်းကူးဂိတ်စောင့် ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးထားသည့် တရားဝင် ရထားလမ်းကူးနေရာများ၌ မတော်တဆမှုဖြစ်နိုင်ခြေနည်းပါးပြီး တရားမဝင် ရထားလမ်းကူးနေရာနှင့် ကျေးရွာများမှ တာဝန်ယူ၍ ဂိတ်စောင့် အဖွင့်အပိတ်ပြုလုပ်သော ဂိတ်များတွင်မူ မတော်တဆဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရထားလမ်းပိုင်း အသီးသီးတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုများကို ကြည့်မည်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-
၂၀၂၅ ခုနှစ်အတွင်း -
|
လမ်းပိုင်း |
ကား |
သုံးဘီးဆိုင်ကယ် |
ဆိုင်ကယ် |
လူ |
ဂိတ်တံခါး |
ထော်လာဂျီ |
အမှုပေါင်း |
သေဆုံးမှု |
ဒဏ်ရာရရှိမှု |
|
ရန်ကုန်-မန္တလေး |
၁ |
၂ |
၄ |
၁၀ |
၂ |
- |
၁၉ |
၈ |
၅ |
|
ရန်ကုန်-ပြည် |
၁ |
- |
၃ |
၁ |
- |
၁ |
၆ |
၁ |
၄ |
|
ရန်ကုန်-မော်လမြိုင် |
၂ |
- |
၂ |
- |
- |
- |
၄ |
- |
၂ |
|
ရန်ကုန်မြို့ပတ် |
- |
- |
- |
၁ |
- |
- |
၁ |
၁ |
- |
|
အခြားလမ်းပိုင်း |
၁ |
၂ |
၁ |
- |
- |
- |
၄ |
၁ |
၁ |
|
စုစုပေါင်း |
၅ |
၂ |
၁၀ |
၁၂ |
၂ |
၁ |
၃၄ |
၁၁ |
၁၂ |
၂၀၂၆ ခုနှစ်အတွင်း -
|
လမ်းပိုင်း |
ကား |
သုံးဘီးဆိုင်ကယ် |
ဆိုင်ကယ် |
လူ |
ဂိတ်တံခါး |
ထော်လာဂျီ |
အမှုပေါင်း |
သေဆုံးမှု |
ဒဏ်ရာရရှိမှု |
|
ရန်ကုန်-မန္တလေး |
၃ |
၁ |
၅ |
၅ |
- |
၁ |
၁၅ |
၁၁ |
၇ |
|
ရန်ကုန်-ပြည် |
- |
- |
- |
၃ |
- |
- |
၃ |
၁ |
၂ |
|
ရန်ကုန်-မော်လမြိုင် |
၁ |
- |
- |
- |
- |
- |
၁ |
- |
- |
|
ရန်ကုန်မြို့ပတ် |
- |
- |
- |
၃ |
၁ |
- |
၄ |
၂ |
၂ |
|
အခြားလမ်းပိုင်း |
- |
- |
၂ |
၆ |
- |
- |
၈ |
၆ |
၄ |
|
စုစုပေါင်း |
၄ |
၁ |
၇ |
၁၇ |
၁ |
၁ |
၃၁ |
၂၀ |
၁၅ |
မတော်တဆမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများ
စည်းကမ်းလိုက်နာမှုအားနည်းခြင်း။ ယာဉ်မောင်းသူများအနေဖြင့် ရထားလမ်းကူးသတိပေးဆိုင်းဘုတ်များ၊ အချက်ပြမီးများနှင့် ဂိတ်ဘယ်ရီယာများကို လျစ်လျူရှုပြီး အတင်းတိုးဝင်မောင်းနှင်ခြင်း၊
သတိပေးချက်များကို ပေါ့ဆစွာကျော်လွန်ခြင်း။ ရထားဥသြ ဆွဲသံ သို့မဟုတ် ဘဲလ်တီးသံကြားရသော်လည်း ရထားနှင့် အလှမ်းဝေးသေးသည်ဟု မမှန်မကန်ခန့်မှန်းကာ လမ်းကူးကို အမြန်ဖြတ်ကူးရန် ကြိုးစားခြင်း၊
မြင်ကွင်းမရှင်းလင်းခြင်း။ ရထားလမ်းကူးအနီးအနားတွင် သစ်ပင်၊ ချုံနွယ်များဖုံးအုပ်နေခြင်း၊ ကွေးကောက်သော လမ်းဒီဇိုင်းများရှိနေခြင်း သို့မဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြူဆိုင်းခြင်းတို့ကြောင့် ရထားလာသည်ကို မမြင်နိုင်ခြင်း၊
ဂိတ်စောင့်များ၏ အမှားအယွင်းများ။ ဂိတ်ဝန်ထမ်းများက အချိန်မှန် ဂိတ်ဘာရီယာမချမိခြင်း၊ ပေါ့ဆခြင်း သို့မဟုတ် လမ်းကူးအလိုအလျောက်စနစ်များ ပျက်စီးနေခြင်း၊
အာရုံစူးစိုက်မှုနည်းပါးခြင်း။ ယာဉ်မောင်းစဉ် ဖုန်းပြောခြင်း၊ သီချင်းကျယ်ကျယ် နားထောင်ခြင်း သို့မဟုတ် အခြားအရာ များသို့ အာရုံရောက်နေခြင်းကြောင့် ရထားလာသည်ကို မသိရှိလိုက်ခြင်း၊
ယာဉ်စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်။ ရထားလမ်းကူးတွင် ဖြတ်သန်းစဉ် မော်တော်ယာဉ် သို့မဟုတ် ဆိုင်ကယ်များ စက်ထိုးရပ်သွားခြင်း သို့မဟုတ် ဘရိတ်မမိခြင်း။
ရထားလမ်းကူး (Level Crossing) များသည် ရထားနှင့် မော်တော်ယာဉ်၊ လမ်းလျှောက်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးပါသောနေရာများဖြစ်ပါသည်။ မီးရထားသည် မိမိသွားလို သည့်လမ်းကြောင်းအတိုင်း သံလမ်းပေါ်တွင်သာ မောင်းနှင်ရပြီး အရှိန်ပြင်းထန်သဖြင့် ဘရိတ်ချက်ချင်းအုပ်၍ မရနိုင်ပေ။ သို့ဖြစ်ရာ ရထားလမ်းကူးများတွင် ဖြစ်ပွားသည့် မတော်တဆမှုအများစုသည် လမ်းကူးသူများ၏ ပေါ့ဆမှုနှင့် စည်းကမ်းမလိုက်နာမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။
ရထားလမ်းကူး မတော်တဆမှုများဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သော ဂိတ်ပိတ်ထားစဉ် အတင်းတိုးဝင်ခြင်း၊ ရထားဥသြသံကြားရသော်လည်း အကွာအဝေးကို မှားယွင်းတွက်ချက်ကာအမြန်လုဖြတ်ကူးခြင်း၊ ယာဉ်မောင်းစဉ် ဖုန်းပြောခြင်းနှင့် အာရုံ စူးစိုက်မှုနည်းပါးခြင်းတို့ကြောင့် မတော်တဆမှု ဖြစ်ပွားပါက အသက် အန္တရာယ်ဆုံးရှုံးသည်အထိ ကြီးမားသော ထိခိုက်ပျက်စီးမှုများကို ကြုံတွေ့ရခြင်းဖြစ်ပါသည်။ ရထားတစ်စင်းလုံး၏ အရှိန်နှင့် အလေးချိန်သည် မော်တော်ယာဉ်တစ်စီး သို့မဟုတ် ဆိုင်ကယ်တစ်စီးထက် အဆပေါင်းများစွာကြီးမားသဖြင့် မတော်တဆမှုမဖြစ်ပွားအောင် အထူးဂရုစိုက်ရမည်ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေးသည် မီးရထားဝန်ထမ်းများ၏ တာဝန်သာမက လမ်းကူးကို အသုံးပြုကြသူတိုင်း၏ တာဝန်လည်းဖြစ်ပါသည်။ ရထားလမ်းကူးတိုင်းတွင် “ရပ်၊ ကြည့်၊ သွား” ဆိုသည့် ရိုးရှင်းသော အခြေခံစည်းကမ်းကိုလိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ရထားလမ်းကူးသို့မရောက်မီ အရှိန်လျှော့ခြင်း၊ ဂိတ်နှင့် သတိပေးမီး များကိုလိုက်နာခြင်း၊ ရထားဥသြသံကို ဂရုစိုက်နားထောင်ခြင်းတို့သည် မိမိနှင့် မိမိ မိသားစု၏အသက်ကို စောင့်ရှောက်ပေးသည့် မရှိမဖြစ် အလေ့အကျင့်များပင်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ရထားလမ်းကူး အန္တရာယ်ကင်းရှင်း ရေးသည် လူတိုင်း တစ်ဦးချင်းစီ၏ စည်းကမ်းရှိမှုနှင့် စာနာ ထောက်ထားမှုအပေါ်တွင် မူတည်နေပါသည်။ လမ်းကူးအချက်ပြများ ကို လေးစားလိုက်နာပြီး သတိတရားဖြင့် ယဉ်ကျေးစွာမောင်းနှင်ခြင်းဖြင့် ရထားလမ်းကူး မတော်တဆမှုများကို လျှော့ချနိုင်မည်ဖြစ်သလို မိမိ၏ စည်းကမ်းရှိသော ပြုမူဆောင်ရွက်မှုမှတစ်ဆင့် လူတိုင်း၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။


