“ရသစုံလင် အပတ်စဉ် တူညီရှုစား ဇာတ်လမ်းကောင်းများ”ပြသမှုစတင်ခြင်းနှင့် မှတ်တမ်းရုပ်ရှင် “အာကာသအနာဂတ်” ပြသခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဩဂုတ် ၉ 

 

“ရသစုံလင် အပတ်စဉ် တူညီ ရှုစား ဇာတ်လမ်းကောင်းများ” ပြသမှုစတင်ခြင်းနှင့် မှတ်တမ်း ရုပ်ရှင် “အာကာသအနာဂတ်” ပြသခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

 

ဦးစွာ  တက်ရောက်လာသူများ က ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုများကို AI နည်းပညာသုံးပြီး ပြန်လည် ပုံဖော်ထားသော ပြိုင်ပွဲဝင်ဆုရ ဓာတ်ပုံများ၊   “Our Planet Through Your Eyes” အမည်ဖြင့် ပြသထားသည့် ပန်းချီများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက်  အနုပညာအထက် တန်းကျောင်း (ရန်ကုန်)နှင့် Bowen School မှ ကျောင်းသား ကျောင်းသူများက  “တို့ခေါ်လိုက် ပေါက်ဖော်” သီချင်းအကများဖြင့် ဖျော်တင်ဆက်ကြပြီး ပြသမည့် ရုပ်ရှင်နမူနာများကို ပြသသည်။

 

ယင်းနောက်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Mr.Shen Dan၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တရုတ်ယဉ်ကျေးမှု စင်တာ(ရန်ကုန်) တာဝန်ခံတို့က အမှာစကား ပြောကြားပြီး “Shen Zhou -13”မှတ်တမ်းရုပ်ရှင်ကို ပြသသည်။

 

တရုတ် ယဉ်ကျေးမှုစင်တာ (ရန်ကုန်)၊ CHINA MEDIA GROUP(CMG)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းပြီး စီစဉ်ကျင်းပသည့်  ယခုအစီအစဉ်မှ တစ်ဆင့် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအကြောင်းကို သိရှိစေရန် ရည်ရွယ်ပြသခြင်း ဖြစ်သည်။

 

အဆိုပါအစီအစဉ်ကို တရုတ် ယဉ်ကျေးမှုစင်တာ (ရန်ကုန်)၌ အပတ်စဉ် စနေနေ့တိုင်း ပြသ သွားမည်ဖြစ်ပြီး အာကာသပေါ်မှ စိတ်ဝင်စားဖွယ်များကို  မှတ်တမ်းတင် ရိုက်ကူးထားသည့် “Shen Zhou-13” ဇာတ်ကား၊ နည်းပညာပိုင်းကို ထင်ဟပ်စေသည့်ဇာတ်ကားများ၊ မျိုးချစ်စိတ်ဓာတ်ကို ဖော်ကျူးထားသည့် ဇာတ်ကား အပါအဝင် ဇာတ်ကားများစွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်