နေပြည်တော် ဩဂုတ် ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်ရေ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ဇော်ဂျီ ရပ်ကွက်၊ ဥတ္တံတားရပ်ကွက်နှင့် ကလောမြို့ ကလောချောင်းရေ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် အမှတ်(၂/၃/၄) ရပ်ကွက်များ အတွင်း အနိမ့်ပိုင်းနေအိမ်များ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ယင်းရပ်ကွက်အတွင်းမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကယ်ဆယ်ရေးလှေများ၊ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရပ်စောက်မြို့ရှိ ရေဘေးသင့် ပြည်သူများအား ဇော်ဂျီအားကစားခန်းမနှင့် ဥတ္တံတားဓမ္မာရုံသို့ လည်းကောင်း၊ ကလောမြို့ ရေဘေးသင့်ပြည်သူများအား အမှတ်(၅)ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ပြောင်းရွှေ့ပေးပြီး ရေဘေးသင့်ပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။
ထို့အပြင် နယ်မြေခံတပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေး အဖွဲ့များကလည်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးဆေးစစ် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


