ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူတရားခံ ၁၈၆ ဦးတို့အား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၇

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခြောက်လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ တရားခံအမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၈၆ ဦးတို့အား ခါးပိုက်နှိုက်မှုကျူးလွန်ရာမှရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံး နှင့် ငွေကျပ် ၆၈၈၅၇၀၀ တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။

 

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများကင်းစင်စေရေးအတွက် နယ်မြေအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စည်းကမ်း မဲ့ယာဉ်များ ဖမ်းဆီးခြင်းစသည့် မှုခင်းကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

 YGN ,Pick-Pocke