ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် မြို့နယ်ရဲစခန်းများမှ တပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးငွေတင်နှင့် ပူးပေါင်း အဖွဲ့သည် လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း ဒုရဲအုပ် သင်းသီရိရှိန်/ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဌေးလွင်/ စက်ဆန်း နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်အောင်နှင့် အဖွဲ့တို့သည်လည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှ ဒုရဲအုပ်ရဲထွဋ်နိုင်နှင့်အဖွဲ့သည်လည်းကောင်း၊ သုံးခွမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ပိုင်ထွဋ် နှင့် အဖွဲ့သည်လည်းကောင်း၊ တိုက်ကြီးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုနှင့် ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များသည်လည်းကောင်း စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသည့် ကွန်တိန်နာ ယာဉ်များနှင့် မသင်္ကာသောယာဉ်များအား စစ်ဆေးခြင်း၊ မှုခင်းအသိပညာပေးဟောပြောခြင်း၊ အိမ်တိုင်ရာရောက်မှုခင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စက်ဘီး လှည့်ကင်း ဆောင်ရွက်ခြင်း၊ ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေး အသွင်ယူဆောင်ရွက်ခြင်း၊ လူကူးမျဉ်းကျားမှ ပြည်သူများ လမ်းဖြတ်ကူးစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယမန်နေ့ညပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ သည်လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များသည် လည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှူး ဒုရဲမှူးညီညီဌေးနှင့် တပ်ဖွဲ့ဝင်များသည်လည်းကောင်း၊ အင်းစိန်မြို့မရဲစခန်းမှ ရဲတပ်ကြပ်သန်းစိန်နှင့် ပူးပေါင်းအဖွဲ့သည် လည်းကောင်း၊ သာကေတမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည်လည်းကောင်း မီးတန်းယာဉ်ဖြင့် လှည့်ကင်း ဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ကေတီဗွီ ဆိုင်များအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်သူ၊ ဓာတ်ပုံ - တိုင်းရဲတပ်ဖွဲ့


