ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက်နေ ဒေါ်အေးအေးသန်းသည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွှေနံ့သာကျေးရွာအုပ်စု ပုလဲ(၁)ရပ်ကွက် အမှတ်(၃)လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်အနီး YBS ယာဉ်အား စီးနင်းရန် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား နှစ်ဦးက ၎င်း၏စလင်းဘတ်အိတ်အား လုယူမောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်းသတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ထောက်ကြန့်နယ်မြေရဲစခန်း၌(ပ)၂၂၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် လုယက်မှု ကျူးလွန်ရာ၌ ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်နေ တရားခံဝင်းထွဋ်(ခ)ဂီးဂီး ၄၂ နှစ်အား မင်္ဂလာဒုံမြို့နယ် ၂(က)ရပ်ကွက် ခရေပင်လမ်းမကြီးရှိ “ရွှေတက်လူ” လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် HONDA 125 အမျိုးစား အနက်ရောင်ဆိုင်ကယ်တစ်စီးဖြင့် လည်းကောင်း၊ အဆိုပါဆိုင်ကယ်တွင် နောက်ထိုင်လိုက်ပါပြီး ဒေါ်အေးအေးသန်းထံမှ စလင်းဘတ်အိတ်အား လုယူခဲ့သူ မင်္ဂလာဒုံမြို့နယ် ၂(က)ရပ်ကွက်နေ တရားခံ နိုင်အောင်ရင် ၂၈ နှစ်အား ၎င်း၏နေအိမ်မှ လုယက်မှု ကျူးလွန် ရာမှရရှိသည့်Samsung အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Itel K 70 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံး၊ ဒေါ်အေးအေးသန်း အမည်ပါ နိုင်ငံသားစိစစ်ရေးကတ် တစ်ခု၊ လူမှုဖူလုံရေး ကတ် တစ်ခု၊ အစိုးရအဖွဲ့ရုံး ဝင်/ထွက်ခွင့်ကတ် တစ်ခု၊ KBZ Bank ကတ် တစ်ခု၊ ရဲရင့်ဘုန်း အမည်ပါ နိုင်ငံသားစိစစ်ရေးကတ် တစ်ခု၊ ကျောင်းကြို/ ပို့ကတ် တစ်ခုနှင့် အသားရောင်စလင်းဘတ်အိတ် တစ်လုံးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်