ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများ လုယက်ယူဆောင်ခဲ့သူ အိမ်အကူအမျိုးသမီး နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် အိမ်ရှင်ဖြစ်သူအားသတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများကို လုယက်ယူဆောင်ခဲ့သူ တရားခံတင်နွယ်နှင့် အေးမြတ်မွန် (ခ) သူသူတို့နှစ်ဦးအား သက်သေခ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၈) ရပ်ကွက်နေ ဒေါ်သိန်းမြင့် (၇၄) နှစ်အား အိမ်အကူဖြစ်သူ တင်နွယ် (၅၈) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန် (ခ) သူသူ (၁၇) နှစ်တို့ နှစ်ဦးက နေအိမ်ရှေ့ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့် စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင်ထားသည့် စိန်နားကပ် တစ်ရန်၊ ပလက်တီနမ်ဆွဲကြိုး တစ်ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ SAMSUNG အမျိုးအစား Tablet တစ်လုံးတို့ကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် အရေးယူပေးပါရန် ဒေါ်သိန်းမြင့်၏ ခင်ပွန်းဖြစ်သူ ဦးခင်မောင် (၇၁) နှစ်၏ တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း (ပ) ၅၈၈/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။ 

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တရားခံ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန် (ခ) သူသူတို့ နှစ်ဦးကို ကျုံမငေးမြို့ အဝေးပြေးကားဝင်းရှိ “အောင်ချမ်းသာ” ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ SAMSUNG အမျိုးအစား Tablet တစ်လုံး၊ ငွေ ၂၄၅ သိန်း ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်