ရန်ကုန် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ် သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ တတိယရက်ညပိုင်းတွင် ဈေးဝယ်ယူသူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ယမန်နေ့ညပိုင်းကလည်း မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် မီးပုံးပျံ အသေးများ၊ ရုပ်ပုံမီးပုံးပျံများနှင့် အလှဆင် မီးပုံးပျံကြီးများ လွှတ်တင်ခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသို့ ပြည်သူအများအပြား လာရောက်ကြပြီး အလှဆင်မီးများဖြင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ဆင်များအပျော်စီးခြင်း၊ နိုင်ငံကျော် တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ(DJ)များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။
ထိုသို့ပျော်ပွဲရွှင်ပွဲများ၊ လူသုံးကုန်ပစ္စည်းများနှင် အစားအသောက်ရောင်းချနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးကြသည်။
ထို့ပြင် အလှူရှင်များက နံနက်၊ နေ့လယ်နှင့် ညပိုင်းများတွင် စတုဒိသာအကျွေးအမွေးများဖြင့် ကျွေးမွေးကြပြီး ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/ အပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ထားရှိသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄)ပေါက်တန်း ခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများထံ အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အမျိုးသမီး တက်သစ်စဆုရရှိသည့် တောင်ဥက္ကလာပ မြို့နယ်အသင်းမှ ခင်ရတီကျော်၊ အမျိုးသား တက်သစ်စဆုရရှိသည့် သန်လျင်မြို့နယ်အသင်းမှ ရှိုင်းထက်အောင်၊ အမျိုးသမီး အကောင်းဆုံး ဆုရရှိသည့် တောင်ဥက္ကလာပမြို့နယ်အသင်းမှ မဖြူစင်ဖြိုး၊ အမျိုးသား အကောင်းဆုံးဆုရရှိသည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အသင်းမှ ရန်မျိုးအောင်၊ အတိုးတက်ဆုံးအသင်း ဆုရရှိသည့် တောင်ဥက္ကလာပမြို့နယ်အသင်း၊ နှစ်သိမ့်ဆုရရှိသည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အသင်း၊ တတိယဆုရရှိသည့် သာကေတ မြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် မြောက်ဥက္ကလာပမြို့နယ်အသင်းတို့ကို တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုကလပ်များ၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပြီး ပထမဆုရရှိသည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


