ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကရုပ်သံကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၉

 

ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကရုပ်သံကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း Myansat DTH ထုတ်လွှင့်ရေးနှင့် ဖြန့်ချိရေးရုံးရှိ Control Room ၌ ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ရုပ်သံနှင့် အသံအချက်ပြမှုများ စီမံထိန်းချုပ်နေမှု၊ ထုတ်လွှင့်ရေးဆိုင်ရာစက်ပစ္စည်းများနှင့် နည်းပညာစနစ်များ တပ်ဆင်အသုံးပြုထားရှိမှု၊ ပြည်တွင်း/ ပြည်ပ ရုပ်သံလိုင်းပေါင်း ၁၅၀ ကျော်ဖြင့် စီစဉ်ထုတ်လွှင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့အတူ Shwe FM ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရေဒီယိုအဆောင်ရှိ Studio(G/H) များတွင် ရေဒီယိုအစီအစဉ်များ၊ ထုတ်လွှင့်မှုတွင် အသုံးပြုလျက်ရှိသည့် အသံပိုင်းဆိုင်ရာစက်ပစ္စည်းများ၊ Studio များ၏ နည်းပညာပိုင်းဆိုင်ရာအခြေအနေနှင့် ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်တင်ဆက်မှုတို့ကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ ရေဒီယိုအဆောင်အခန်းအမှတ်(၁၄၄) တွင် Playout စနစ်အသုံးပြု၍ အစီအစဉ်များ စီမံခန့်ခွဲထုတ်လွှင့်ပေးနေမှုနှင့် ရုပ်သံ၊ အသံအချက်ပြမှုများ စောင့်ကြည့်ထိန်းချုပ်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ 9 Meter Earth Station ၏ လုပ်ငန်းဆောင်ရွက်မှု၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှတစ်ဆင့် ရုပ်မြင်သံကြားနှင့် အသံလွှင့်အစီအစဉ်များ ထုတ်လွှင့်ပေးပို့မှုအခြေအနေကိုလည်းကောင်း၊ မီတာ ၂၀၀ တာဝါတိုင်စက်ခန်းတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်အစီအစဉ်များ ထုတ်လွှင့်ရာ၌ အသုံးပြုလျက်ရှိသည့် ထုတ်လွှင့်စက်များ၊ စက်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာစနစ်များ တပ်ဆင်အသုံးပြုထားရှိမှုတို့ကိုလည်းကောင်း၊ မန္တလေး FM ရေဒီယိုထုတ်လွှင့်မှု အခြေအနေ၊ ရေဒီယိုထုတ်လွှင့်ရေးလုပ်ငန်းများ၊ အစီအစဉ်များ ထုတ်လွှင့်တင်ဆက်နေမှု၊ နည်းပညာပိုင်းဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဗိုလ်တထောင် မြို့နယ်ရှိ Sky Net ရုံးချုပ်တွင် ရုပ်သံလိုင်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ရုပ်သံအစီအစဉ်များ ထုတ်လွှင့်မှု၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ တာမွေမြို့နယ် ရွှေထွဋ်တင်ဝင်း၌ ရုပ်သံအစီအစဉ်များ ထုတ်လွှင့်တင်ဆက်နေမှု၊ Studio များ အသုံးပြုဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသနေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များ ဦးစားပေးရိုက်ကူး ထုတ်လွှင့်ပေးရန်၊ ပြည်သူများ အသိပညာနှင့် ဗဟုသုတတိုးပွားစေမည့် အစီ အစဉ်များကို ခေတ်နှင့်အညီ ထုတ်လုပ်တင်ဆက်ရန်၊ ရုပ်မြင်သံကြား၊ အသံလွှင့်မီဒီယာများအပြင် ဒီဂျစ်တယ်မီဒီယာပလက် ဖောင်းများကိုပါ ထိရောက်စွာအသုံးချ၍ အကြောင်းအရာများ ပိုမိုကျယ်ပြန့်စွာရောက်ရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော်အနေဖြင့် အနုပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်အနုပညာကဏ္ဍသည် နိုင်ငံတော်၏ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေးတွင်ပါဝင်သည့် အရေးပါသောကဏ္ဍဖြစ်သဖြင့် ရုပ်ရှင်အနုပညာရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍကို အလေးထားပြီး နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် အနုပညာလက်ရာကောင်းများ ဖန်တီးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်