ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအ​ချောထည် အရောင်းပြပွဲစာနယ်ဇင်းရှင်းလင်း

ရန်ကုန် သြဂုတ် ၂

 

ရန်ကုန်တိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပမည့် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ ၂၀၂၆ နှင့် ပတ်သက်၍ အရောင်းဆိုင်ရှင် Exhibitor များနှင့် စာနယ်ဇင်း မီဒီယာများ တွေ့ဆုံရှင်းလင်းပွဲကို ယ​မန်နေ့မွန်လွဲပိုင်းတွင် လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး(၁)ဦးသီဟန်သိန်းက ပြပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း​ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ(၂)ဒေါ်ယဉ်ယဉ်မွှေးက ဒီဇိုင်းပြိုင်ပွဲ ကျင်းပခြင်းနှင့် ကံစမ်းမဲရွေးချယ် ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်မျိုးမျိုးသန့် က ဖိတ်ကြားရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်း​​ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး  ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဋ္ဌ(၄)ဒေါ်မိုးမိုးရွှေက ပညာရပ်ဆိုင်ရာ ဟောပြောပွဲနှင့် ကျောက်မျက်ဓာတ်ခွဲခန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြော ကြားသည်။

 

အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အ​ချောထည် အရောင်းပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာ အချောထည်ကဏ္ဍကို ပြည်တွင်းမှ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက အသင်းတည်ထောင် ခြင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ် ၆ ရက်​မှ ၉ ရက်​ အထိ ကျင်းပသွာမည်ဖြစ်ပြီး ဆိုင်ခန်း​ပေါင်း ၁၅၀ ကျော်တို့က​ခေတ်မီ​ ကျောက်မျက်ရတနာ အမျိုး​ပေါင်း ၁၃၀ ကျော်တို့ဖြင့် ခင်းကျင်းပြသမည် ဖြစ်သည်။ ထို့ပြင် လူငယ်များအတွက် ကျောက်မျက်အကြောင်း သိကောင်းစရာ စကားဝိုင်းများ ထည့်သွင်းသွားမည်ဖြစ်ပြီး ကျောက်မျက် လေလံပွဲများပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

 

​​​အောင်မြင့်(ပြန်/ဆက်)