ရန်ကင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၁၄) ရပ်ကွက် မိုးကောင်းသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဂျွန်စံတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် လက်ရှိဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြ သည်။

 

ယင်းနောက် လွှတ်တော်ကိုယ် စားလှယ်များက ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မေးမြန်းဆွေးနွေးခြင်း၊ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)