လားရှိုး သြဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
လားရှိုးမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အသက် (၁၀)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြုလုပ်ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို ကျောင်းသား ကျောင်းသူများထံ ပေးအပ်သည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးတက္ကသိုလ် အကြီးစားပြုပြင်နေမှု၊ မိုးလုံ လေလုံအားကစားရုံ၊ ကမ္ဘောဇ အမျိုးသားအဆောင်၊ လားရှိုးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ပညာသင်ကြားနေမှု၊ လားရှိုးမြို့ မြို့တော်ခန်းမ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ခုတင် - ၅၀၀ ဆံ့ လားရှိုးပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှု ခံယူနေသော ပြည်သူများအား အာဟာရဖြည့် အစားအစာများ ပေးအပ်သည်။
အလားတူ လားရှိုးမြို့ ကောင်းခါး ကျေးရွာ အကွက်ကျယ်စံပြကွက် ဧက ၃၀ တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာ ကြဲပက်နေမှု၊ လားရှိုးမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ပင်မ ရေဆိုးမြောင်းမကြီး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ လားရှိုးလေယာဉ်ကွင်း လေဆိပ် အဆောက်အအုံ ပြုပြင်ဆောင်ရွက် ပြီးစီးမှုနှင့် လေယာဉ်ပြေးလမ်း တို့ကို ကြည့်ရှုစစ်ဆေးပြီး သွပ်ပြား စက်ရုံ၌ သွပ်ပြားများ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များ အပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


