ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်ကဏ္ဍအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်၍ ဓာတ်အားပြန်လည်ဖြန့်ဖြူး

နေပြည်တော် စက်တင်ဘာ ၂၃

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုများကြောင့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံသုံးရုံ၊ ဖြန့်ဖြူးရေးဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီး၍ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် ကျောက်မဲမြို့နှင့် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်တွင် သီပေါမြို့တို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပြတ်တောက်ခဲ့သည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့တို့အား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးသွားသည့် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ကျောက်မဲ(ပန်းပေါင်း) ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများအား ပြည်ထောင်စုရန်ပုံငွေ နှင့် ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများက တာဝန်ယူ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ စ၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဓာတ်အားဖြန့်ဖြူးပေး

ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သီပေါမြို့တွင် ၆၆၅ ကီလိုဝပ်နှင့် ၂၀၀ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက် နှစ်လုံးဖြင့် အရေးကြီးနေရာများကိုလည်းကောင်း၊ ကျောက်မဲမြို့အား ၂ မဂ္ဂါဝပ် နမ့်စောင်းငေါင်း အသေးစားရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံဖြင့် စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် ဘာသာရေးအဆောက်အအုံများကိုလည်းကောင်း ယာယီအချိန်ပိုင်း ဓာတ်အားဖြန့်ဖြူးပေးခဲ့သည်။

ပြည်သူများအား လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ၂၂ ရက် နံနက် ၁၁ နာရီတွင် ကျောက်မဲဓာတ်အားခွဲရုံမှ မြို့ပေါ် ခုနစ်ရပ်ကွက် အပါအဝင် ကျောက်မဲပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာ ရုံး ၂၉ ရုံး၊ စာသင်ကျောင်း ခြောက်ကျောင်းတို့ကိုလည်းကောင်း၊ သီပေါဓာတ်အားခွဲရုံမှ မြို့ပေါ် ၁၀ ရပ်ကွက် အပါအဝင် သီပေါပြည်သူ့ဆေးရုံ၊ ဌာန ဆိုင်ရာရုံး ၂၁ ရုံး၊ စာသင်ကျောင်း ခုနစ်ကျောင်းတို့အားလည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်နေရာများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ကဏ္ဍ အခြေခံအဆောက်အအုံ စက်ရုံ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်