ရှမ်းပြည်နယ်ဒေသစာ - - - ဆလတ်ရိုးသုပ်

စံလွင် (ငါးဦးစီး)

 

ဆလတ်ရိုးသုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးရောက်မှ မြည်းစမ်းဖူးတာပါ။ ဆလတ်ရိုးကို ရှမ်းပြည်ဘက်မှာတော့ အော်စွန်းလို့လည်း ခေါ်ကြပါတယ်။ အရိုးတံ ရှည်တုတ်တုတ်နဲ့ အပေါ်ပိုင်းမှာ အရွက်လေးတွေစု နေပါတယ်။ ရိုးတံမှာ အရင့်ပိုင်းတွေဖယ်ပြီး အပေါ်ယံက အခွံကို ခွာလိုက်ရင် အထဲမှာ အစိမ်းရောင်အတွင်းသား နုနုလေးကို တွေ့ရပါလိမ့်မယ်။ အဲဒီအတွင်းသားပိုင်းကို သခွားခြစ်နဲ့ ထိုးလိုက်ရင် သခွားသီး၊ သင်္ဘောသီးလိုမျိုး အမျှင်ကလေးတွေရပြီး အဲတာကို သုပ်စားကြတာပါ။

 

ဆလတ်ရိုးသုပ်မယ်ဆိုရင် လိုအပ်တဲ့အမည်တွေက ပဲကြာဆံ၊ ကြက်သွန်နီဆီကျက်၊ သံပုရာသီး၊ ငရုတ်သီးစိမ်းထောင့်၊ မြေပဲလှော်နဲ့ ငံပြာရည် စတာတွေပဲဖြစ်ပါတယ်။ ဆလတ်ရိုးကို သူ့ချည်းသက်သက် သက်သတ်လွတ် သုပ်စား ကြသလို အသားငါး၊ ပုစွန် အစရှိတဲ့ အဆာထည့်ပြီးလည်းသုပ်ကြပါတယ်။

 

ဆလတ်ရိုးသုပ်တဲ့အခါ ခြစ်ထားတဲ့ ဆလတ်ရိုးမျှင်များနဲ့အတူ ပဲကြာဆံပြုတ်၊ ကြက်သွန်စိမ်းနဲ့ ငရုတ်သီးတောင့် ပါးပါးလှီးထည့်၊ မြေပဲဆန် လေးစိတ်ကွဲအောင်ထောင်း၊ ဆီကျက်လောင်းပြီး သံပုရာရည်ညှစ်ကာ ဖွဖွနယ်ပြီး သုပ်တာပါ။ အဆာအဖြစ် ပုစွန်ခြောက်ထည့်သုပ်နိုင်သလို ပင်လယ်စာနဲ့ ကြက်၊ ဝက် အစရှိတဲ့ အသားတစ်မျိုးမျိုး ထည့်ပြီးလည်း လုပ်နိုင်ပါတယ်။ ဗမာနံနံ၊ တရုတ်နံနံ စသဖြင့်လည်း ထည့်သုပ်ကြပါတယ်။ ဆိုင်ကြီးသုပ်မှာတော့ အော်စွန်းသုပ်ဆိုပြီး ဟင်းလျာ တစ်မည်အဖြစ် ရောင်းကြပြီး လူကြိုက်များပါတယ်။

 

ဆလတ်ရိုးသုပ်က အရသာကောင်းတဲ့အပြင် လွယ်လွယ်ကူကူ လုပ်စားနိုင်တဲ့ တိုင်းရင်းသားရိုးရာ ဒေသစာတစ်မျိုးဖြစ်လို့ ဟင်းရွက်သုပ်ကြိုက်တဲ့ အိမ်ရှင်မများ စမ်းကြည့်သင့်လှပါတယ်။ ဒါ့အပြင် ဆလတ်ရိုးရဲ့ အာနိသင်က အင်မတန်ဝမ်းအေးစေတာမို့ အခုလို နွေရာသီနဲ့ အင်မတန်လိုက်ဖက်တဲ့ ရှမ်းရိုးရာ ဒေသစာတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ပါတယ်ဗျာ----။