ရှမ်းပြည်နယ် ဝမ်ဟိုင်းမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သန်းကျော်အား မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် သိမ်းဆည်းရမိ


နေပြည်တော် ဩဂုတ် ၁၉ 

 

ရှမ်းပြည်နယ် ဝမ်ဟိုင်းမှ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သန်းကျော်အား မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်းတွင် ဇေယျာမိုး မောင်းနှင်သည့် DONGFENG ယာဉ်နှင့် အောင်မင်းသန့် မောင်းနှင်သည့် FORLAND ယာဉ်တို့အား သတင်းအရရှာဖွေရာ အဆိုပါယာဉ် နှစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းကို သိမ်းဆည်းရမိခဲ့သည်။ 

 

ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကွင်းဆက်အဆင့်ဆင့် စစ်ဆေးဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဩဂုတ် ၁၃ ရက်တွင် ဖမ်းဆီးရမိစိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရဲရင့်လှိုင် (ခ) ရဲရင့်အား နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ်တွင်လည်းကောင်း၊ သက်ဝေအောင် (ခ) စိုင်းလေးအား မဟာအောင်မြေမြို့နယ်တွင် HONDA INSIGHT ယာဉ် တစ်စီးဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သူရဇော် (ခ) ကိုဟိန်းအား HONDA FIT ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်တွင် နေဇာအောင်အားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ ယင်းနေ့ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၄၉ လမ်းနှင့် ၁၁၅ လမ်းရှိ ခြံဝင်းအတွင်းမှ DONGFENG ယာဉ် တစ်စီး၊ FAW ယာဉ် နှစ်စီးနှင့် (ည) ရပ်ကွက်၊ ၅၃ လမ်းနှင့် ၁၃၉ x ၁၄၀ လမ်းကြားရှိ ခြံဝင်းအတွင်းမှ DONGFENG ယာဉ် တစ်စီး စုစုပေါင်း ယာဉ်လေးစီးပေါ်မှ စိတ်ကြွဆေးပြား ၁၄၄ သိန်း ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

 

ယင်းတို့၏ဖော်ထုတ်ချက်အရ ဩဂုတ် ၁၄ ရက် တွင် စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်ဝမ်ဟိုင်းမှ မကွေးတိုင်းဒေသကြီး မင်းတုန်းသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် နွေးရှိုင်းမင်း (ခ) ကိုရှိုင်းနှင့် အောင်စိုးဦးတို့အား ရန်ကုန်-မန္တလေးအမြန်လမ်း ၁၁၅ မိုင်တိုးဂိတ်တွင် LAND CRUISER ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ ဩဂုတ် ၁၅ ရက်တွင် စိန်ဝင်းမောင်အား မင်္ဂလာတောင်ညွန့်မြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ ဒသမ ၁၅ သန်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများကို ရောင်းချပေးသူမှာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ) လောပန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး စိတ်ကြွဆေးပြားများဝယ်ယူ၍ မင်းတုန်းမြို့သို့ အဓိကရောင်းဝယ်သူများမှာ စိန်ဝင်းမောင်နှင့် နွေးရှိုင်းမင်း (ခ) ကိုရှိုင်းတို့ဖြစ်ကြောင်း၊ ၎င်းတို့၏စီမံမှုဖြင့် သက်ဝေအောင် (ခ) စိုင်းလေးမှာ ရှမ်းပြည်နယ်မှ မင်းတုန်းမြို့သို့ သယ်ဆောင်မှုတစ်ခုလုံးအတွက် တာဝန်ယူရကြောင်း၊ နေဇာအောင်သည် မိုင်းရယ်မှ မန္တလေးသို့လည်းကောင်း၊ သူရဇော် (ခ) ကိုဟိန်းသည် မန္တလေးမှ မင်းတုန်းသို့လည်းကောင်း တာဝန်ခံ၍ သယ်ဆောင်ပေးရကြောင်း၊ သျှမ်းကိုကိုထက် (ခ) ကိုဖျော် (ဖမ်းဆီးရန်ကျန်) နှင့် ရဲရင့်လှိုင် (ခ) ရဲရင့်တို့သည် ယာဉ်မောင်းများအား ရှာဖွေစုဆောင်း၍ သယ်ဆောင်မောင်းနှင်ခိုင်းခြင်းဖြစ်ကြောင်း၊ စိတ်ကြွဆေးပြားများကို မင်းတုန်းတွင်လက်ခံပြီး ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်သူများမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်ကြသည့် ထွန်းကျော် (ဖမ်းဆီးရန်ကျန်) နှင့် ဘညွန့် (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရသည်။ 

 

စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ခဲ့ရာ စိန်ဝင်းမောင်၏ ငွေကြေးစီးဆင်းမှုများကို နေလင်းအောင် (ဖမ်းဆီးရန်ကျန်) ကလည်းကောင်း၊ နွေးရှိုင်းမင်း (ခ) ကိုရှိုင်း၏ ငွေကြေးစီးဆင်းမှုများကို အောင်စိုးဦးကလည်းကောင်း၊ သက်ဝေအောင် (ခ) စိုင်းလေး၏ ငွေကြေးစီးဆင်းမှုများကိုအောင်ကျော်ကျော် (ဖမ်းဆီးရန်ကျန်) ကလည်းကောင်း၊ ထွန်းကျော် (ဖမ်းဆီးရန်ကျန်) ၏ ငွေကြေးစီးဆင်းမှုများကို လှရွှေ (ဖမ်းဆီးရန်ကျန်) က လည်းကောင်း၊ ဘညွန့် (ဖမ်းဆီးရန်ကျန်) ၏ ငွေကြေးစီးဆင်းမှုများကို ဝင်းသန်း( ဖမ်းဆီးရန်ကျန်) က လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်