ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၀ အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော် ဩဂုတ် ၂၃

 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) များကို ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းကာ စနစ်တကျအစီအစဉ်ချ၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၀ အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

 

လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား တစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၂၀ တို့အား ဖုန်းမျိုးစုံ ၇၇ လုံး၊ All In One ကွန်ပျူတာ သုံးလုံး၊ Laptop တစ်လုံး၊ အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချ လုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက် ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်