လူငယ်ပြုစုပျိုးထောင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးအကြီးဆုံးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ လူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေပြီး အနာဂတ်တွင် အားကိုးထိုက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ပညာရေး၊ ကျွမ်းကျင်မှု စွမ်းရည်၊ စိတ်ဓာတ်နှင့် တွေးခေါ်မြော်မြင်မှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ဦးစီးဦးဆောင်နိုင်သည ့်စွမ်းရည်၊ လူမှုဆက်ဆံရေး စသည်တို့ကို အလေးထား လေ့ကျင့်ပျိုးထောင်ပေးသွားကြရမည် ဖြစ်သည်။
'ယနေ့လူငယ် နောင်ဝယ်လူကြီး' ဟူသည့်အတိုင်း လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ၏ ပညာရေး၊ စိတ်ဓာတ်နှင့် အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအနာဂတ်အတွက် အရေးကြီးကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အရေအတွက်သည် နိုင်ငံလူဦးရေ၏ ၁၆ ရာခိုင်နှုန်းကျော်ရှိသည်ဟု တွေ့ရှိရကြောင်း။
“ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသမှ ရွက်ပုန်းသီးလူငယ်များ၏ အရည်အချင်းများကို ဖော်ထုတ်ပေးကြရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ကိုယ်ကျင့်တရား ပြည့်ဝစေရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် လူမှုဆက်ဆံရေး ကောင်းမွန်မှုတို့တွင်လည်း ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးကြရမည်၊ လူငယ်များကို မိမိတို့၏အနာဂတ်အတွက် ရည်မှန်းချက်ထားပြီး ကြိုးစားတတ်သူများ ဖြစ်လာအောင် အားပေးကြရမည်၊ တစ်ချိန်တည်း၌ပင် မိသားစု၊ ဒေသနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သူများ ဖြစ်လာအောင်လည်း လမ်းညွှန်ပေးကြရန် မှာကြားလိုကြောင်း” ဟူ၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ်(၈)မှ ကျောင်းသား ကျောင်းသူများအား သြဝါဒအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းကျော်သော လူငယ်တို့မှာ နိုင်ငံအနှံ့အပြား ဒေသအသီးသီးတို့တွင် ရှိနေကြရာ အားကစား၊ အနုပညာ၊ ပညာရေးနှင့် နည်းပညာ စသည်ဖြင့် မိမိတို့တွင် ထူးခြားသည့် အရည်အချင်း၊ ဝါသနာ၊ စွမ်းဆောင်နိုင်မှု၊ အလားအလာကောင်းများ ရှိနေသော်လည်း လူမသိ သူမသိ၊ ပတ်ဝန်းကျင်ကမသိဘဲ ဖုံးကွယ်နေသည့် ရွက်ပုန်းသီးလူငယ်များလည်း ရှိနေကြသည်။ ကမ္ဘာတွင်လည်း အောက်ခြေလူတန်းစား၊ သာမန်ဘဝ သို့မဟုတ် ဆင်းရဲသားဘဝမှ မိမိတို့၏ထူးခြားလှသော ဉာဏ်ပညာနှင့် အရည်အချင်းကြောင့် လူမသိသူမသိဘဝမှ ကမ္ဘာကျော်သွားသည့် ရွက်ပုန်းသီးလူငယ်များစွာ ရှိခဲ့ဖူးသည်။
အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက် သမ္မတဖြစ်သော အေဘရာဟမ်လင်ကွန်း(Abraham Lincoln)သည် ကမ္ဘာ့သမိုင်းတွင် အဆင်းရဲဆုံးဘဝမှ နိုင်ငံအကြီးအကဲဖြစ်လာသည့် အထင်ရှားဆုံးသော ဥပမာတစ်ခုဖြစ်သည်။ လင်ကွန်းကို ၁၈၀၉ ခုနှစ်တွင် ကင်တပ်ကီပြည်နယ်ရှိ သစ်လုံးအိမ်လေးတစ်လုံး၌ ဆင်းရဲသား လယ်သမားမိသားစုက မွေးဖွားခဲ့သည်။ မိသားစုဆင်းရဲသဖြင့် ၎င်း၏ တစ်သက်တာတွင် ကျောင်းတက်ခဲ့ရသည့် ရက်ပေါင်းသည် တစ်နှစ်ပင်မပြည့်။ နေ့ခင်းဘက်တွင် သစ်ခုတ်၊ လယ်ထွန်ရင်း ညဘက်တွင် မီးဖိုမှထွက်သော အလင်းရောင်ဖြင့် စာအုပ်များကို ငှားရမ်းကာ ကိုယ်တိုင်အသည်းအသန် လေ့လာခဲ့ရသည်။ စာအုပ်အမျိုးမျိုးကို ဖတ်ရှုပြီး ဉာဏ်ပညာကို ပျိုးထောင်ခဲ့ရာမှ ဥပဒေဘာသာရပ်ကို ကိုယ်တိုင်လေ့လာအောင်မြင်ပြီး ရှေ့နေဖြစ်လာသည်။
၎င်း၏ဘဝတွင် ရှုံးနိမ့်မှု၊ ဆုံးရှုံးမှုတို့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ရာ ၁၈၆၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ သမ္မတ အေဘရာဟမ်လင်ကွန်းသည် ၁၈၆၃ ခုနှစ်တွင် အမေရိကန်၌ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်အတွင်း မြောက်ပိုင်းပြည်နယ်များကို ဦးဆောင်ကာ နိုင်ငံတော်ကြီး မပြိုကွဲအောင် တစ်စည်းတစ်လုံးတည်း တည်တံ့အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ထူးခြားသည့် အရည်အချင်းရှိသူ၊ အစွမ်းအစထက်မြက်သူတို့သည် ၎င်းတို့၏ ဘဝအစတွင် မည်သို့သော အခက်အခဲ၊ ဆင်းရဲမွဲတေမှုတို့က ဖုံးဖိထားစေကာမူ ကြိုးစားရုန်းကန် ထိုးထွက်လာကြစမြဲပင်ဖြစ်သည်။ ဗီဇမှန်သည့် အပင်ငယ်သည် ရေလောင်းပေါင်းသင် မြေတောင်မြှောက် မြေသြဇာကျွေးလိုက်သည်နှင့် ကြီးထွားသန်မာ အပွင့်အသီးတို့ ဝေဆာလာသကဲ့သို့ ရွက်ပုန်းသီးလူငယ်တို့သည်လည်း မှန်ကန်စွာ ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် မိမိလူ့အဖွဲ့အစည်း၊ မိမိနိုင်ငံကိုလည်းကောင်း၊ လူ့ဘောင်လောကတစ်ခုလုံးကိုလည်း ကောင်းအကျိုးပြုသူများ ဖြစ်လာနိုင်သည်။ လူငယ်များအား ပညာရေးနှင့် ဘဝရည်မှန်းချက်တို့အပေါ် မှန်ကန်စွာရှုမြင်နိုင်စေရန် လမ်းပြကူညီပေးခြင်းအားဖြင့် လမ်းမှားသို့ မရောက်စေဘဲ နိုင်ငံအတွက် အဖိုးတန်အင်အားတစ်ရပ် ဖြစ်လာစေရပါမည့်အကြောင်း။ ။


