ရခိုင်ရိုးရာ သခွတ်ပွင့်ဟင်းလက်သုပ်

စံလွင် (ငါးဦးစီး)

 

ရခိုင်ဟင်းလျာများတွင် ဟင်းသီး ဟင်းရွက်များ ချက်ပြုတ်စားသောက် ကြရာ၌ အခေါ်အဝေါ်များကို ဟင်း လှော်ချက်တယ်၊ ဟင်းလက်သုပ် သုပ်စားတယ်၊ စသည်ဖြင့် သုံးနှုန်း ကြပါသည်။ ၎င်းဟင်းလျာများ ချက်ပြုတ်ရာ၌ အတွဲအဖက်များအဖြစ် မျှင်ငါးပိ၊ ငရုတ်သီးစိမ်းနှင့် မန်ကျည်းမှည့်တို့ကို အများဆုံး အသုံးပြု ကြပါသည်။ ရခိုင်ရိုးရာဟင်းလျာများက ဆီအသုံးနည်းသည့်အတွက် ကျန်းမာရေးကို အထောက်အကူပြုသည့်နည်းတူ အချဉ်အစပ်အရသာ ကဲသည့်အတွက်လည်း နှုတ်မြိန်စေသည့်အတွက် ရခိုင်ဟင်းလျာများကို လူကြိုက်များကြဟန် တူပါသည်။

 

သခွတ်ပွင့်သည် အဖြူရောင်ရှိပြီး ရာသီချိန်၌ ပင်လုံးကျွတ်ပွင့်တတ်သည်မှာ လက်ပံပင်ကဲ့သို့ ဖြစ်၏။ သခွတ်ပွင့်သည်လည်း လက်ပံပွင့်နည်းတူ အခြောက်ခံ၍ သိမ်းဆည်းထားကာ နှစ်ပေါက်ထား စားသုံးနိုင်သည့် သဘာဝဟင်းလျာ တစ်မျိုး ဖြစ်ပါသည်။ သခွတ်ပွင့်ကို ဟင်းလက်သုပ် သုပ်မည်ဆိုပါက အတွဲအဖက်များအဖြစ် ပဲကြာဆံ၊ မျှင်ငါးပိ၊ ငရုတ်သီး စိမ်းတောင့်၊ မန်ကျည်းသီးတို့လိုအပ်ပါသည်။

 

သခွတ်ပွင့်ကို ဝတ်ဆံများဖယ်၍ စိတ်ဖြာကာနေလှန်း အခြောက်ခံ ရပါသည်။ သခွတ်ပွင့်များခြောက်လျှင် အမည်းရောင်သို့ပြောင်းသွား၏။ဟင်းလက်သုပ်သုပ်မည်ဆိုပါက သခွတ် ပွင့်ခြောက်များကို နူးအောင်ပြုတ်၍ ရေညှစ်ကာ အနေတော်လှီးဖြတ်ပါ။

 

ကြက်သွန်နီကိုပါးပါးလှီး၍ အချို့ကို ဆီကျက်ချက်ပါ။ မျှင်ငါးပိမီးကင်၍ မန်ကျည်းသီးရေစိမ်ထားပါ။ အားလုံးအသင့်ဖြစ်က ဇလုံတစ်ခုတွင် အသင့်လှီးထားသည့် သခွတ်ပွင့် ခြောက်များ၊ ပဲကြာဆံ၊ ကြက်သွန်စိမ်း၊ မျှင်ငါးပိကင်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရေထည့်ပြီး ဆီကျက်လောင်းကာ ဖွဖွနယ်ပြီးသုပ်ပါ။ သခွတ်ပွင့်အရသာ ချိုချိုသက်သက်တွင် ချဉ်ငံစပ် အရသာ နေသည့် နှုတ်မြိန်စရာသခွတ်ပွင့် ဟင်းလက်သုပ်ဟင်းလျာ အသင့်ရပါပြီ။