ရခိုင်ပြည်နယ်၌ ကာကွယ်ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS) သင်တန်းဖွင့်လှစ်

စစ်တွေ ဇူလိုင် ၁၆

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အအေးလမ်းကြောင်းတာဝန်ခံများအတွက် ကာကွယ် ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS)  သင်တန်း ယနေ့နံနက် စစ်တွေမြို့၊ SS Food Cneter ခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း က အဖွင့်အမှာစကားပြောကြားသည်။ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းတာဝန်ခံများကို ကာကွယ်ဆေးများကို ထိရောက်စွာစီမံခန့်ခွဲနိုင်စေရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက်စေဘဲ ကလေးငယ်များကို အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ စုစုပေါင်း (၄၇) ဦး တက်ရောက်ကြပြီး စာတွေ့လက်တွေ့ သုံးရက်ကြာဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အသီးသီးမှ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ ကုလသမ္မဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)