ရခိုင် အမဲခေါက်နှင့် ခံတက်ညွန့်သုပ်

ရခိုင်ရိုးရာဓလေ့နဲ့ ဒေသအစားအသောက်များကို လူကြိုက်များတာ တွေ့ရပါတယ်။ အများအားဖြင့် အဆာပြေမုန့်တီနှင့် ရေနွေးကြမ်းအမြည်းအဖြစ် ဒေသထွက်ကုန်တို့နှင့် ပြုလုပ်တဲ့ အသုပ်အမျိုးမျိုးကိုလည်း တွေ့ရပါသည်။ ငါနီတူ သုပ်၊ ကြာဆံသုပ်၊ ခရုပြာသုပ် စသည်ဖြင့် ထမင်းနှင့်လည်း စားသုံးနိုင်သလို ရေနွေးအမြည်းအဖြစ်လည်း စားသုံးတာတွေ့ရပါတယ်။ အများအားဖြင့် ရခိုင်ဒေသထွက်ကုန်နှင့် ဒေသထွက်အသီးအနှံများကို အသုံးပြုကာ ချက်ပြုတ်တာမို့ လူကြိုက်များပါတယ်။ ထူးခြားတဲ့ဒေသစာများထဲက ခံတက်ညွန့်နဲ့ အမဲခေါက်သုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။

 

ဒီအသုပ်ထဲမှာ ဆီလုံးဝအသုံးမပြုထားတာကြောင့် ကယ်လိုရီများမှာလည်း မပူရတော့ပါဘူး။ နောက်ပြီး ကြက်သွန်နီ ပါဝင်တာကြောင့် ခွန်အားဖြစ်စေ၍ အော့အန်ခြင်း စသော ရောဂါများကို ပျောက်ကင်းစေပါတယ်။ ရာသီဉတုအပြောင်းအလဲမှာ ခံတွင်းပျက်သူတွေ၊ အော့အန်ခြင်းဝေဒနာခံစားရသူတွေအတွက် ခံတွင်းကို မြိန်စေပြီး အော့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာမို့ စာဖတ်သူမိတ်ဆွေများလည်း ကျေနပ်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

အမဲခေါက်    - ၁၀ ကျပ်သား

 

ကြက်သွန်နီ- သုံးလုံး

 

ခံတက်ညွန့်- တစ်စည်း

 

သံပရာသီး    - တစ်လုံး

 

ငရုတ်သီး    - ခုနစ်တောင့်

 

ပုစွန်ငါးပိ    - ကွမ်းသီးလုံးခန့်

 

ဆား        - အနည်းငယ်

 

ဟင်းခတ်မှုန့်- အနည်းငယ်

 

ပြုလုပ်နည်း

 

အမဲခေါက်ကို သန့်စင်အောင်ရေဆေးပြီး နူးအောင်ပြုတ်ထားပါ။ တစ်ဆက်တည်း ခံတက်ညွန့်ကို လက်တစ်ဆစ်ခန့်ပိုင်း၍ အပေါ်ယံအမြှေးပါးတွေပါအောင် သင်ထားပါ။ သန့်စင်အောင် ရေဆေးပြီး ဆားအနည်းငယ်ထည့်ကာ ပြုတ်ပေးပါ။ ခံတက်ညွန့်ကျက်လောက်ပြီဆိုရင် ရေအေးနဲ့ ပြန်ဆေးထားပါ။ ငရုတ်သီးကို ရေအနည်းငယ်နှင့် ပြုတ်၍ ထောင်းထားပါ။ ပုစွန်ငါးပိကွမ်းသီးလုံးခန့်ကို မီးကင်းပါ။ ထို့နောက် ပြုတ်ထားတဲ့ အမဲခေါက်ကို မိမိနှစ်သက်တဲ့ ပုံစံလှီးဖြတ်ပါ။ ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးလှီးဖြတ်ကာ သန့်စင်အောင်ရေဆေးပြီးရင် အမဲခေါက်၊ ကြက်သွန်နီ၊ ခံတက်ညွန့်၊ ပုစွန်ငါးပိ၊ ငရုတ်သီးထောင်း၊ ဟင်းခတ်မှုန့်၊ ဆား၊ သံပရာရည်အနည်းငယ်ထည့်ကာ ရောမွှေပါ။ အရသာကို မိမိနှစ်သက်တဲ့ အနေအထားမှာထားပြီး ရခိုင်ဒေသ အစားအစာဖြစ်တဲ့ အမဲခေါက် ခံတက်ညွန့်သုပ်ကို သုံးဆောင်နိုင်ပါပြီ။

 

ပရိုသီး