ရက်ဘီကစားသမားဟောင်းက ဇနီးနဲ့ ကလေး ၃ ယောက်ကို မီးရှို့သတ်ဖြတ်

၂၀ ဖေဖော်ဝါရီ

 

သြစတေးလျနိုင်ငံမှာ ရက်ဘီကစားသမားဟောင်း ရိုဝှန် ဘက်တာ က သူ့ဇနီး ဟန်နာ ကလပ်နဲ့ ကလေးသုံးဦးကို မော်တော်ကားအတွင်းမှာ ဓါတ်ဆီလောင်း မီးရှို့သတ်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဘက်တာက ကားကို မီးရှို့အပြီးမှာ သူ့ကိုယ်သူ ဓါးနဲ့ထိုးပြီး သတ်သေခဲ့ကြောင်း သိရပါတယ်။

 

အသက် ၃၁ နှစ်အရွယ် ဟန်နာကလပ် ဟာ ဘရစ်ဘိန်းမြို့ရှိဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး  အသက် ၃ နှစ်၊ ၄ နှစ် နဲ့ ၆ နှစ်အရွယ် ကလေးသုံးဦးကတော့ ကားတွင်းမှာပဲ သေဆုံးနေကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

 

အခင်းဖြစ်စဉ်အနီးကို ဖြတ်သန်းသွားလာနေသူတစ်ဦးက ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့အတွက် မျက်နှာမီးလောင်ခံခဲ့ရကြောင်း ကွင်းစ်စလန်းအရေးပေါ်ဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

အသက် ၄၂ နှစ်အရွယ် ရက်ဘီကစားသမားဟောင်းက အရင်ကလည်း မိသားစုအတွင်း အကြမ်းဖက်မှု လုပ်ဖူးကြောင်း သိရပါတယ်။ အခုဖြစ်စဉ်ကနေ သြစတေးလျနိုင်ငံတွင်းက အိမ်တွင်းအကြမ်းဖက်မှု အကြောင်းအရာကို ကျယ်ကျယ်လောင်လောင် ပြောဆိုမှုတွေဖြစ်လာပါတယ်။

 

လွှတ်တော်အမတ်ဟောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့  Our Watch ရဲ့ ဥက္ကဌ နာတာရှာ စကော့ ဒတ်စ်ပိုဂျာ က သြစတေးလျနိုင်ငံတွင်းမှာ အမျိုးသမီးများအား အကြမ်းဖက်ခံရမှုကို ပြင်းပြင်းထန်ထန် အရေးယူရန်နဲ့ အခုအခြေအနေဟာ နိုင်ငံတော်အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

 

သြစတေးလျနိုင်ငံမှာ ယေဘုယျအားဖြင့် သီတင်းတစ်ပတ်ကို အမျိုးသမီးတစ်ဦးဟာ သူတို့ရဲ့ပါတနာဟောင်း သို့မဟုတ် လက်ရှိပါတနာရဲ့ သတ်ဖြတ်မှုကို ခံနေရကြောင်း သုတေသနဌာနရဲ့ စာရင်းအရသိရပါတယ်။

 

သြစတေးလျ ကဗျာဆရာ ရော့စကော့က နောက်သီတင်းပတ်မှာ နောက်အမျိုးသားတစ်ယောက်က ဇနီးသည်နဲ့ မိသားစုကို အသက်ရှုကြပ်အောင်လုပ်ပြီး သတ်ဖြတ်တာမျိုးလုပ်ဆောင်မယ်။ အဲဒါကြောင့် အခုကိစ္စကို စကားပြောဆွေးနွေးဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

 

MDN

ကိုးကား- AFP