ရိုးရာယဉ်ကျေးမှုကိုချစ်ခင်မြတ်နိုး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်

၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော အနုပညာရှင်များ၊ ရွက်ပုန်းသီးအနုပညာရှင်များ၊ မျိုးဆက်သစ်အနုပညာရှင်များ စုစုပေါင်း ၂၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။

 

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးနှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ဦးတည်ချက် (၄)ရပ် ချမှတ်၍ ကျင်းပဆင်နွှဲနေခြင်းဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် မြန်မာတို့၏ ရှေးအစဉ်အလာယဉ်ကျေးမှုကို ထုတ်ဖော်ပြသသည့်ပြိုင်ပွဲများဖြစ်ပြီး ဂုဏ်ယူဖွယ်ရာကောင်းသည့် မြန်မာ့အနုသုခုမပညာရပ်များအား မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးများကို ချစ်ခင်မြတ်နိုးကြသည့် ပြည်သူများက အားပေးကြည့်ရှုကြမည်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီတည်တံ့ဖြစ်ထွန်းခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် ခေတ်ကာလပြောင်းလဲ တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ ခေတ်ပေါ်ယဉ်ကျေးမှုအနုပညာရပ်များ ထိုးဖောက်လွှမ်းမိုးမှုများကြားတွင် တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် တိုင်းရင်းသားပြည်သူများ ချစ်ခင်မြတ်နိုး အားပေးနေကြဆဲဖြစ်သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

 

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏မြို့တော် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ (MICC-1)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော် မြို့တော်ခန်းမ၊ ပုဗ္ဗသီရိခန်းမနှင့် ဆင်ဖြူရှင်ခန်းမတို့၌ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်မည်ဖြစ်ရာ နေပြည်တော်နှင့်ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် တိုက်ရိုက်ကြည့်ရှုအားပေးနိုင်သလို မြန်မာနိုင်ငံတစ်ဝန်းမှ တိုင်းရင်းသားပြည်သူများအနေဖြင့် ရုပ်မြင်သံကြားချန်နယ်လိုင်းအသီးသီးနှင့် လူမှုကွန်ရက်မျက်နှာစာများမှတစ်ဆင့် အားပေးကြည့်ရှုကြခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ပေးကြရမည်ဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ခမ်းနားထည်ဝါပြီး ဂုဏ်ယူစရာကောင်းသည့် ဇာတ်တော်ကြီးပြိုင်ပွဲသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ဇာတ်သဘင် အနုပညာအဆင့်အတန်းကို ဖော်ညွှန်းပြသသည့် ပြိုင်ပွဲကြီးဖြစ်သည်။ မြန်မာ့ရိုးရာအစဉ်အလာမပျက် မြန်မာ့ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုများကို ယနေ့ထက်တိုင် တန်ဖိုးထားအားပေးလျက်ရှိသဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆင်နွှဲမည့် မြန်မာ့ရိုးရာဇာတ်သဘင် အနုပညာစွမ်းပကားများကို အကဲဖြတ်ဒိုင်များနှင့်အတူ လာရောက်ကြည့်ရှုအားပေးကြမည့် မိဘပြည်သူများအတွက် စနစ်တကျ ပြင်ဆင်ထားသည်။ ယခုနှစ်ပြိုင်ပွဲသည် ယခင်နှစ်များနှင့်မတူ အယ်လ်နီညိုရာသီဥတုအရှိန်ကြောင့် နေ့အလိုက် အပူအအေးမမျှတခြင်း၊ ရာသီဥတု အပြောင်းအလဲမြန် ဖောက်ပြန်ခြင်းများနှင့် ကြုံတွေ့နိုင်သဖြင့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပရိသတ်များပါမကျန် ကျန်းမာရေးထိခိုက်မှုမဖြစ်စေရန် အထူးဂရုပြု စီမံဆောင်ရွက်ထားသည်။

 

သို့ဖြစ်ရာ နေပြည်တော်တွင် စတင်ဆင်နွှဲတော့မည်ဖြစ်သည့် ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ နှစ်ပေါင်းထောင်ချီ တည်တံ့ဖြစ်ထွန်းခဲ့သည့် ဂုဏ်ယူဖွယ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ပြန်လည်ဖော်ထုတ်ပေးနိုင်သည့် ပြိုင်ပွဲများဖြစ်ပေရာ အဆိုပါပြိုင်ပွဲများကို တခမ်းတနားဖြင့် အောင်အောင်မြင်မြင် ကျင်းပတော့မည်ဖြစ်၍ မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ချစ်ခင်မြတ်နိုးကြသည့် ပြည်သူများကလည်း တစ်ခဲနက်အားပေးကြခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ ထက်သန်ခိုင်မာရေးနှင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထွန်းကားလာမည်ဖြစ်ပါကြောင်း။ ။