ရန်ကုန် ဩဂုတ် ၁
ရိုးရာဝတ်စုံများ ချုပ်လုပ်နည်းကို စနစ်တကျသင်ယူပြီး ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များကို လက်တွေ့ကျကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မွန်ပိဋကတ် တိုက်၌ ကျင်းပသည့် မွန်ရိုးရာ ဝတ်စုံချုပ်လုပ်နည်း သင်တန်းဆင်းပွဲတွင် သင်တန်းသား သင်တန်းသူများအား တိုက်တွန်းမှာကြားသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)တို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့်အတူ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ ပဉ္စမ အကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးနှင့် အထူးအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဂုဏ်ထူးဆောင်ဆု ရရှိကြသူ များအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်တို့သည် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


