တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင်စုစုပေါင်း ၂၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည့် ၂၀၂၆ ခုနှစ်(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်၏မြို့တော် နေပြည်တော်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် နိုင်ငံတော်အဆင့် ဗဟိုအဆင့်သို့မရောက်မီ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများကို ပြီးခဲ့သည့် နှစ်လတာအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရပြီး အဆင့်ဆင့်သောရွေးချယ်မှုတို့ကိုခံယူ၍ တက်ရောက်လာခဲ့ကြရခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်တိုင်းသည် ပညာရဲရင့် ပွဲလယ်တင့်ကြစေရန် မိမိတို့၏ အနုပညာအရည်အသွေးကို မြင့်သည်ထက်မြင့်အောင် အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ပြင်ဆင်ကြရခြင်းအားဖြင့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တို့၏ သိမ်မွေ့နက်နဲမှု၊ အဆင့်အတန်းမြင့်မားမှုတို့နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ကြရသလို တန်ဖိုးလည်း ထားတတ်ခဲ့ကြရသည်။
ဆိုကရေးတီးပြိုင်ပွဲကြီး၏ အစမှာ ၁၉၉၃ ခုနှစ်က ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ အကယ်၍သာ ဤပြိုင်ပွဲကြီးများ နှစ်စဉ်မကျင်းပဖြစ်ခဲ့ပါလျှင် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အချို့သော ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တို့ မှေးမှိန်သွားမည်၊ တိမ်မြုပ်သွားမည်၊ ပျောက်ကွယ်သွားမည်၊ အချို့လည်းပျက်ယွင်းသွားမည်ဖြစ်သည်။ ရှေးရှေးက သီဆိုခဲ့၊ တီးမှုတ်ခဲ့၊ ကခုန် ခဲ့ကြသည့် ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ တျာချင်း၊ ရတု၊ ရကန် စသည်တို့ စာပေများအဖြစ် ကြွင်းကျန်နေ၍သာ မိမိတို့သိရှိနေကြရခြင်းဖြစ်ပြီး ယင်းတို့ကို မည်သို့ သီဆို၊ မည်သို့ တီးမှုတ်ခဲ့ကြကြောင်း ပညာရှင်အချို့ သိကောင်းသိနိုင်သော်လည်း လူအများစုတို့အဖို့ မကြားဖူးကြတော့သည်မှာ အထင်ရှားဆုံးသာဓကဖြစ်သည်။ သို့ဖြစ်ရာ အထင်အရှား ကျန်နေရစ်သေးသည့် ယဉ်ကျေးမှုအမွေအနှစ်တို့ကို မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းမှသာ နောင်အရှည်သဖြင့် တည်တံ့နိုင်မည်ဟူသော အသိစိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ထို့အပြင် နိုင်ငံတော်က နှစ်စဉ်မပျက်ကျင်းပပေးနေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် ရိုးရာယဉ်ကျေးမှု အနုပညာကို ချစ်ခင်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ဝါသနာရှင်များ၊ ပညာရှင်များ၊ မျိုးဆက်သစ်များ၏ မျှော်လင့်ချက်လည်းဖြစ်သည်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဗဟိုအထိ အဆင့်ဆင့်တွင် အောင်ပွဲဆွတ်ခူးနိုင်ခဲ့သူများမှာ ရိုးရာယဉ်ကျေးမှုအနုပညာဖြင့် တင့်တင့်တယ်တယ် အသက်မွေးဝမ်းကျောင်းနိုင်ကြသည်။ ရိုးရာအမွေကို လက်ဆင့်ကမ်းကာ ဒေသအလိုက် နာမည်ကျော်သူများ၊ နိုင်ငံကျော် အနုပညာရှင်များ ပေါ်ထွက်လာသည်ကိုလည်း တွေ့ရသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ နှစ်စဉ်ကျင်းပခြင်းသည် အချည်းနှီးမဟုတ်သည့် သက်သေပင်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်များမှာ- (က) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ (ဂ) မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ (ဃ) နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူသော (၄) ချက်ဖြစ်သည်။
အနုပညာသည် သိမ်မွေ့သောစွမ်းအားတစ်ခုဖြစ်ပြီး လူမျိုးအသီးသီးတို့အတွက် ကိုယ်ပိုင်အမှတ်လက္ခဏာများလည်းဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် နည်းပညာများ လျင်မြန်စွာတိုးတက်ထွန်းကားလျက်ရှိရာ နိုင်ငံရပ်ခြားမှ ယဉ်ကျေးမှုများက ထိုးဖောက်၀င်ရောက် လွှမ်းမိုးလာနိုင်သည့် အန္တရာယ်သည် အချိန်နှင့်အမျှ ဂရုပြုရန်လိုအပ်လာသည်။ အမျိုးသားယဉ်ကျေးမှု အားနည်းလာမည်ဆိုလျှင် ကိုယ်ပိုင် အမှတ်လက္ခဏာလည်း လျော့ပါးလာမည်ဖြစ်ပြီးရေရှည်တွင် လူမျိုးပါပျောက်ကွယ်သွားနိုင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုတို့ကို ခမ်းခမ်းနားနား၊ တင့်တင့်တယ်တယ် ဖော်ထုတ်သည့်နေရာ၊ ထိန်းသိမ်းစောင့်ရှောက်သည့်နေရာ၊ မျိုးဆက်သစ်များက လက်ဆင့်ကမ်းသယ်ဆောင်ကြသည့် နေရာဖြစ်သည့် အလျောက် ပြိုင်ပွဲ၏ဦးတည်ချက်များအတိုင်း ပေါက်မြောက် အောင်မြင်အောင် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၊ ဒိုင်အဖွဲ့များနှင့်တကွ ပြိုင်ပွဲကျင်းပမှုတွင် ပါဝင်သူအားလုံးက အလေးအနက် ဂရုပြုဆောင်ရွက်ကြရပါမည့်အကြောင်း။ ။


