ရိခေါဒါရ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ရိခေါဒါရ်၊   ၂  ဇန်နဝါရီ    

 

 

ချင်းပြည်နယ် ရိခေါဒါရ်ရိဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက ရိခေါဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

 

အစည်းအဝေးတွင် ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးအောင်ဖြိုးက ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ရိရေကန်နှင့် ရိဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး DMO (Destination Management Organization)အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

 

ထို့နောက် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်း၊ ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်နှင့် ရပ်မိရပ်ဖများက ရိဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ကြပြီး ရိခေါဒါရ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ DMO (Destination Management Organization)ကို ဖွဲ့စည်းခဲ့သည်။

 

 

တွေ့ဆုံညှိနှိုင်းပွဲတွင် ရိရေကန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ ရိရေကန်ရှုခင်းသာ View Point အသစ်ဆောက်လုပ်မည့် လုပ်ငန်းအတည်ပြုခြင်းနှင့် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ရိရေကန်အနီး၌ အသည်းနှလုံးပုံဖြင့် ရိရေကန်ဆိုင်းဘုတ်စိုက်ထူခြင်း၊ ရေကန်ပတ်လမ်း၌ ပန်းအလှခုံများပြုလုပ်ခြင်း၊ ရေကန်ပတ်လမ်းပြုပြင်ခြင်းနှင့် ရေကန်လမ်းရှိ လိုအပ်သည့် နေရာများ၌ ရေ‌ကျော်ပြွန်ငယ်များပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

 

လာလ်ပက်လောမ် (ပက်ကာ)