ရီးသွားခြင်း၊ ဖွံ့ဖြိုးရင်းမျှ၊ ကျေးလက်နယ်ရွာ၊ ပြည့်စုံသာ၏

မောင်နေ (အရာထမ်း)

ခရီးသွားခြင်းသမိုင်း
သမိုင်းမတင်မီ နှစ်ပေါင်းများစွာကတည်း က လူတို့သည် ခရီးလှည့်လည်သွားလာ ခဲ့ကြသည်။ ရေကြည်ရာ မြက်နုရာ ခရီးလမ်း တစ်လျှောက်လှည့်လည်နေထိုင်ခဲ့ကြသည့် Nomadism ခေါ် ရှေးဟောင်းလူမျိုးစုများမှ စတင်၍ ခရီးသွားလာခဲ့ကြပြီး ကုန်သွယ်မှု များလည်း စတင်ခဲ့ကြသည်။ ယင်းနောက် တွင် ကိုလိုနီအပြိုင်အဆိုင် ရှာဖွေမှုခေတ် ပေါ်ပေါက်ခဲ့ပြီး အရှေ့ကမ္ဘာခြမ်းမှ အနောက် ကမ္ဘာခြမ်း ဥရောပမှ အာရှတိုင်းပြည် အသီး သီး၊ လူမျိုးနွယ်အသီးသီး၏ ဂီတအနုပညာမှ သည် ယဉ်ကျေးမှုချင်း ဖလှယ်သည်အထိ ဆင့်ကဲပြောင်းလဲလာခဲ့သည်။ ပိုးလမ်းမကြီး နှင့် ကုန်သွယ်ရေကြောင်း ခရီးစဉ်များမှာ ထင်ရှားသော သာဓကများ ဖြစ်ခဲ့ပါသည်။
စီးပွားရေးကုန်သွယ်မှုအတွက် ခရီးသွား ခြင်းနှင့်အတူ၊ မိသားစုနှင့် အသိုင်းအဝိုင်းများ လိုက်ပါလည်ပတ်ခဲ့ကြသဖြင့် ပို့ဆောင်ရေးနှင့်တည်းခိုနေထိုင်ရေး စီမံဆောင်ရွက်သူ များက ဈေးကွက်အသစ်များ ရှာဖွေ ဖော်ထုတ်လာကြသည်မှစတင်၍ ခရီးသွား လုပ်ငန်းများ တဖြည်းဖြည်းဖြစ်ထွန်း လာခဲ့သည်။


ခရီးသွားခြင်းနှင့် ယဉ်ကျေးမှုပုံစံများ

ထိုစဉ်က ခရီးသွားခြင်းအပေါ် သက်ရောက် လွှမ်းမိုးခဲ့သောအချက်များ အနက် ယဉ်ကျေးမှုပုံစံများ ပြောင်းလဲခြင်း လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ယဉ်ကျေးမှု သမိုင်းပညာရှင် Jacques Barzun ရေးသားခဲ့သော ယဉ်ကျေးမှုပြောင်းလဲခြင်း ပုံစံများအနက် Emancipation ချုပ်ချယ်မှု များမှ လွတ်မြောက်လိုခြင်းသည်လည်း ခရီး သွား ဖွံ့ဖြိုးခြင်းအကြောင်းရင်းတစ်ရပ်ဖြစ် ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀ခန့်က ကိုးကွယ်ရာဘာသာ အယူဝါဒတစ်ခု၏ မူဘောင်များ၊ သက်ဦးဆံပိုင်စနစ်နှင့် ဘုရင် များ၊ အုပ်ချုပ်သူများ၏ ကန့်သတ်ချုပ်ချယ် မှုများအောက်တွင် နေထိုင်ခဲ့ကြပြီး နောင် တွင် အဆိုပါချုပ်ချယ်ကန့်သတ်မှုများမှ လွတ်မြောက်လိုသည့် အတွေးအခေါ်ဆင့်ကဲ ပြောင်းလဲလာကာ ဒီမိုကရေစီစနစ် ဖွံ့ဖြိုး တိုးတက်လာခဲ့ပေသည်။ အဆိုပါချုပ်ချယ် ကန့်သတ်မှု အာဏာကိုလျှော့ချ၍ သာမန် လူထုလူတန်းစားများသို့ အာဏာခွဲဝေလာခြင်းဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉ ရာစုတွင် ယင်း Emancipation အယူအဆသည် အလုပ်ခွင် သို့တိုင်အောင် ရောက်ရှိလာခဲ့သည်။ အလုပ် ကို ကြိုးစားရုန်းကန်ဆောင်ရွက်ရခြင်း ကြောင့် အပန်းဖြေအနားယူရန် အချိန် အနည်းငယ်သာရှိသော အခြေအနေမှသည် အနားယူချိန်တိုးမြှင့်ရေး အပန်းဖြေရေးနှင့် ဖျော်ဖြေမှုများ ရရှိရေးသို့ ဦးတည်လာခဲ့ သည်။ ထိုမှတစ်ဆင့် ခေတ်မီလူ့အသိုင်း အဝိုင်း၊ အလုပ်ခွင်မသာယာမှုများ၊ အလုပ် တာဝန်များ၊ ဖိအားပေးသူများ၊ အုပ်ချုပ်သူ များ၊ ကြီးကြပ်သူများ လုပ်ဖော်ကိုင်ဖက်များ ထံမှ ခေတ္တခဏမျှ လွတ်မြောက်လိုသော သဘောကို အခြေခံ၍ ခရီးသွားလာခဲ့ကြ သည်။


ထို့အပြင် Jacques Barzun က အရိုင်းဆန်မှု၊ ရှေးကျမှု၊ သဘာဝတရားနှင့် နီးစပ်မှု (Primitivism) ကို တင်ပြခဲ့ပြီး ထိုယဉ်ကျေးမှု ပြောင်းလဲခြင်းပုံစံကလည်း လူတို့အား ခေတ်မီတိုးတက်သော အသိုင်း အဝိုင်းမှ တစ်ဖန်ပြန်လည်၍ ရှေးဟောင်း ဆန်ဆန်၊ အရိုင်းဆန်ဆန်၊ သဘာဝတရား နှင့်နီးစပ်စွာ နေလိုမှု ပြန်လည်ဖြစ်ထွန်းလာ စေခဲ့ပါသည်။


ထို့နောက်တွင် ခရီးသွားခြင်း၌ တော တောင်များသို့ စွန့်စားသွားလာခြင်း၊ တော တွင်းစခန်းချခြင်း၊ ရှေးဟောင်း တိုင်းရင်း သားမျိုးနွယ်စုများထံသို့ သွားရောက်ခြင်း စသည်များ ဖြစ်ပေါ်တိုးတက်စေခဲ့သည်။


ခရီးသွားလိုအင်များ
ခရီးသွားလာရန်အတွက် စိတ်ဆန္ဒကို ဖြစ်ပေါ်စေသော စေ့ဆော်မှုများအနက် လိုအင်များသည်လည်း အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။ သာဓကအားဖြင့် နေရောင်ခြည်လိုအပ်မှုသည်လည်း ခရီးသွား လာခြင်းကို ဖြစ်စေသည့် အကြောင်းတစ်ရပ် ဖြစ်ပါသည်။ အချို့သော နေရောင်တောက်ပ ပူနွေးသာယာသည့် ခရီးစဉ်ဒေသများမှာ ယနေ့တိုင် လူကြိုက်များဆဲဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် အအေးပိုင်းဒေသ များမှ လူသန်းပေါင်းများစွာသည် ယင်းတို့၏ နေ့စဉ်ဘဝတွင် တိမ်ထူအုံ့မှိုင်း၍ အေးသောရာသီ၌ ကာလကြာရှည်စွာ နေထိုင်ကြရပြီး ယင်းကဲ့သို့ အုံ့မှိုင်းမည်း မှောင်သည့် ပတ်ဝန်းကျင်၌ပင် နိုးထရုန်းကန် လှုပ်ရှားခြင်း၊ နေ့စဉ်ဘဝကို အဆောက် အအုံနှင့် အခန်းများအတွင်း၌သာ ဖြတ်သန်း ကျင်လည်နေကြရခြင်းကြောင့် ဖြစ်ပါသည်။
လေ့လာသင်ယူ တတ်မြောက်လိုခြင်း သည်လည်း ခရီးသွားရန်စိတ်ဆန္ဒကို ဖြစ် ပေါ်စေသော စေ့ဆော်မှုတစ်ခုပင် ဖြစ်ပါ သည်။ ပညာရေးဆိုင်ရာ တက္ကသိုလ်များ၊ ကျောင်းများ၊ သင်တန်းကျောင်းများမှ လေ့လာသင်ယူမှု မူဘောင်အပြင်ဘက်သို့ ထွက်၍ သိရှိတတ်မြောက်လေ့လာလိုမှုသည် လည်း ခရီးသွားခြင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ တိုင်းပြည်တစ်ခု၏ ဟင်းလျာချက်ပြုတ်ခြင်း နည်းလမ်းများ၊ ရိုးရာအားကစား၊ အနုပညာ၊ ဂီတ၊ စာပေ အစရှိသည်တို့ကို ခရီးသွားခြင်းမှ တစ်ဆင့် အ‌ကောင်းဆုံးဆည်းပူးလေ့လာနိုင် ပေသည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ သဘာဝအရ တစ်နိုင်ငံမှတစ်နိုင်ငံ ယဉ်ကျေး မှု အခြေခံမတူညီသော ဒေသတစ်ခုသို့ လည်ပတ်ရောက်ရှိပါက စိတ်၏အ‌ခြေအနေ မှာ ပိုမို၍ သတိတင်းကျပ်ထက်မြက်နေသည့် အလျောက် လေ့လာသင်ယူနိုင်မှု ပိုမို အားကောင်းသော အထောက်အကူပြုခြင်းကြောင့်ဖြစ်ပါသည်။
အတွေ့အကြုံအသစ်များ ရယူလိုခြင်း သည် ကမ္ဘာလှည့်ခရီးသည်များအတွက် တူညီသော လိုအင်တစ်ခုဟုဆိုလျှင် မမှားနိုင် ချေ။ အတွေ့အကြုံအသစ်၊ ပတ်ဝန်းကျင် အသစ်၊ လုပ်ငန်းဆောင်တာများ လှုပ်ရှားမှု အသစ်များ၊ ပိုင်ဆိုင်မှုအသစ်များ၊ အတွေး အခေါ်အသစ်များ အစရှိသည်တို့ကို စူးစမ်း ရှာဖွေခြင်းကလည်း ခရီးသွားခြင်း၏ လိုအင် တစ်ရပ် ဖြစ်ပါသည်။


ခရီးသွားခြင်းအခြေခံဆွဲဆောင်မှု
ခရီးသွားအခြေခံ ဆွဲဆောင်မှုများသည် လည်း ခရီးသည်လာရောက်စေရန် အ‌ခြေခံ အကြောင်းတရားများ ဖြစ်သည်။ ယင်းတို့ကို သဘာဝနေရာဒေသများ၊ သဘာဝဖြစ်ရပ် များ၊ ယဉ်ကျေးမှုနေရာ ဒေသများနှင့် ယဉ်ကျေးမှုပွဲတော်များစသည်ဖြင့် ကဏ္ဍ(၄)မျိုးခွဲခြားထားနိုင်ပါသည်။ သဘာဝဆိုင်ရာ နေရာဒေသများတွင် မြေမျက်နှာသွင်ပြင် များဖြစ်ကြသည့် တောတောင်၊ လျှိုမြောင်၊ ပြတ်ရွေ့များ၊ ကျွန်းများ၊ မြစ်ဝကျွန်းပေါ်များ၊ သဲသောင်ကမ်းနဖူးများ၊ ကမ်းခြေများ၊ မီးတောင်များ၊ လိုဏ်ဂူများ၊ မြစ်ချောင်းအင်း အိုင်များ၊ ရေတံခွန်စသည့် ရေရင်းမြစ်များ အပြင် ရာသီဥတုများပင် ပါဝင်ပါသည်။ သဘာဝ သားရဲတိရစ္ဆာန်များ၊ သစ်ပင် သစ်တော၊ ပန်းမန်များ၊ ရှားပါးမျိုးစိတ်များ၊ ကာကွယ်တောများစသည်တို့လည်း ပါဝင် ပါသည်။ သဘာဝဖြစ်ရပ်များကိုမူ ကြိုတင် တွက်ဆ မျှော်မှန်းမထားနိုင်ချေ။ သာဓက အားဖြင့် ဆောင်းခိုငှက်များ ဒေသပြောင်းရွှေ့ လာသောငှက်အုပ်များ ကျရောက်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည်တို့ ဖြစ်ပါ သည်။


ယဉ်ကျေးမှုဒေသများတွင် သမိုင်း မတင်မီကာလမှ ကျောက်ထွင်းလက်ရာများ ရှေးဟောင်းမျိုးနွယ်စုများ၏ လက်ရာများရှိ သည့် နေရာဒေသများပါဝင်ပြီး သမိုင်းဝင် ကာလမှ အထိမ်းအမှတ်အဆောက်အအုံနှင့် ကျောက်စာတိုင်များ၊ ရုပ်တုများ၊ စစ်မြေပြင် စခန်းဟောင်းများ၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ၊ ပြတိုက်များတို့ ပါဝင်သည်။ မျက်မှောက်ခေတ်ကာလ လူမျိုးနွယ်တစ်စု ၏ အစားအသောက်များ (ဥပမာ-တရုတ် အစားအစာ၊ ထိုင်းအစားအစာ)တည်ရှိရာ ဒေသများလည်းပါဝင်ပြီး စီးပွားရေးဆိုင်ရာ အဆောက်အအုံများအနေဖြင့် တူးမြောင်း များ၊ မိုင်းတွင်းများ၊ ရထားလမ်းများ တည်ရှိရာ ဒေသများတို့လည်း အပါအဝင် ဖြစ်ပါသည်။အထူးအပန်းဖြေ အနားယူရေး ဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ဂေါက်ကွင်း၊ ကာစီနို၊ အပန်းဖြေဥယျာဉ်ကြီးများ၊ နှင်းလျှောစီးကွင်းများတည်ရှိရာ ဒေသများ စသည်တို့မှာလည်း ယဉ်ကျေးမှုအခြေခံ ဆွဲဆောင်မှုအမျိုးအစားများပင် ဖြစ်ပါသည်။


၁၉ ရာစုတွင် ယဉ်ကျေးမှုနှင့် သဘာဝ အ‌ခြေခံဆွဲဆောင်မှုများအပေါ် စတင်အလေး ထားမှုများ ပြုလုပ်လာခဲ့ကြပြီး အာရှ တိုင်းသားပညာရှင်များကမူ ထို့ထက်စော၍ သဘာဝအလှတရားပေါ်တွင် ပိုမို သက်ဝင်ကာ ဖော်ပြခဲ့ကြသည်ကို အဆို အမိန့်များ၊ ဆေးရေးပန်းချီများတွင် ထင်ရှား စွာ တွေ့မြင်နိုင်ပါသည်။ တရုတ်အတွေး အခေါ် ပညာရှင် ကွန်ဖျူးရှပ် (Confucius) ၏ အဆိုအမိန့် တစ်ခုတွင် “the wise find pleasure in water: the virtuous find pleasure in hills” ဟူ၍ တောတောင် ရေမြေ၏ သဘာဝဂုဏ်ဒြပ်နှင့် ဉာဏ်ပညာ နှင့် ကိုယ်ကျင့် သိက္ခာကို ခိုင်းနှိုင်းထည့်သွင်း ဖော်ပြထားခဲ့ပါသည်။
၂၀ ရာစုနှောင်းပိုင်းတွင် တောတောင် ရေမြေ ရှုမျှော်ခင်းများ၏ သဘာဝတရားကို စိတ်ဝင်စားမှု ပိုမိုကျယ်ပြန့်လာခဲ့ပြီး သဘာဝ အ‌ခြေခံခရီးသွားလုပ်ငန်းများဖြင့် ပျက်သုဉ်းလုနေရာနှင့် မျိုးစိတ်များကို ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ပြီး ခရီးသွား လုပ်ငန်း အလွန်အမင်းဖွံ့ဖြိုးတိုးတက်ခြင်းကို အဟန့်အတားတစ်ရပ်အဖြစ် ရှုမြင်လာ ခဲ့ကြသည်။ သဘာဝအလှတရားများကို ပိုမို သိမြင်ခံစားလာခဲ့ပြီး ပျော်ရွှင်နှစ်ခြိုက်ဖွယ် အတွေ့အကြုံ ရှာမှီးခြင်းပုံစံ ပြောင်းလဲလာခဲ့ သည်။


သဘာဝအ‌ခြေခံဆွဲဆောင်မှုနှင့်ကျေးလက်လူနေမှု
အထက်ကဖော်ပြပြီး ဖြစ်ခဲ့သော သဘာဝအခြေခံ ဆွဲဆောင်မှုများသည် မြို့ကြီးပြကြီး ဖွံ့ဖြိုးတိုးတက်ပြီးသည့်နေရာအဝန်းအဝိုင်းနှင့် ခြားနား၍ မြို့ငယ်၊ ရွာငယ်၊ ကျေးလက်နယ်များနှင့် များစွာ ထိစပ်၏။ ကျေးလက် သဘာဝတောတောင် ရေမြေ၏အလှနှင့် ထိုအလှကိုခံစားရင်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်မည့် activities များကို ပေါင်းစပ်၍ ခရီးသွားများကို ဖိတ်ခေါ် ဆွဲဆောင်ရပါသည်။ အဆိုပါ ဒေသများသို့ လာရောက်လည်ပတ်သူ များပြားလာပါက လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက် လာခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ခြင်းတို့အပြင် ဒေသခံ လူမှုအသိုင်း အဝိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များ၊ တည်းခိုနေထိုင်ခြင်း၊ စားသောက်ခြင်း၊ သွားလာလည်ပတ်ခြင်းနှင့် အမှတ်တရ ပစ္စည်းဝယ်ယူခြင်း စသည့် ဆောင်ရွက်မှုတိုင်းတွင် ဒေသခံပြည်သူများ က အပြည့်အဝပါဝင်ရင်းနှီး၍ ရောင်းချ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ သို့မှသာ ယင်းဒေသ၏ အငွေ့အသက်နှင့် စရိုက်လက္ခဏာများ ရေရှည်တည်တံ့နေမည် ဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံမှုကြီးငယ် ဟူသမျှကို အရင်းရှင်လူထုလူနည်းစုက အုပ်စိုးချုပ်ကိုင်ဆောင်ရွက်နေမည်ဆိုပါက ဒေသခံများ ကျေနပ်မှုမရှိခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း၊ စီးပွားရေး အခွင့် အလမ်း လျော့နည်းသွားသည့်အတွက် မြေနေရာများ ရောင်းချ၍ ပြောင်းရွှေ့ ထွက်ခွာသွားခြင်းတို့ကြောင့် ခရီးစဉ်ဒေသအောင်မြင်မှုမတည်တံ့ခြင်း၊ ဒေသ၏ အငွေ့ အသက်စရိုက်လက္ခဏာများ ပျောက်ကွယ် သွားခြင်းစသည့် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ် သည်။


ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်

ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုရည်မှန်းချက်(၁၇)ချက်ရှိပြီး ခရီးသွား လုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော အဓိကရည်မှန်းချက်များအနက် ရည်မှန်း ချက်နံပါတ် (၈) မှာ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ခရီးသွားကဏ္ဍမှ အထူးအထောက်အကူပြု ဖော်ဆောင်ရမည် ဖြစ်ပါသည်။ ခရီးသွား လုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း၊ ကျေးလက်ဒေသ ယဉ်ကျေးမှုနှင့် ဒေသထွက်ကုန်များကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။


အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ရုံမျှ မဟုတ်ဘဲ အမျိုးသမီးများနှင့် လူငယ် လူရွယ်များအတွက် အခွင့်အလမ်းများ ဖြစ်စေရန် လိုအပ်ပြီး ယင်းတို့ကိုဖြည့်ဆည်း နိုင်မှသာလျှင် (Territorial cohesion) ယင်း ဒေသ၏ စရိုက်လက္ခဏာနှင့် ယဉ်ကျေးမှု အငွေ့အသက်များ စွဲထင်ကျန်နေမည် ဖြစ်သည်။ တစ်နည်းဆိုလျှင် ခရီးသွား လုပ်ငန်းဖြင့် ဒေသတစ်ခု လူမျိုးစုတစ်ခု၏ ပျောက်ကွယ်တော့မည့် ရိုးရာဓလေ့ထုံးစံ များ၊ ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိန်းသိမ်းရာရောက်မည် ဖြစ်သည်။


ခရီးသွားလုပ်ငန်းနှင့် COVID-19

ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ ၂၀၂၀ ပြည့်နှစ်အတွင်း Covid-19 ရောဂါကြောင့် အပြည်ပြည် ဆိုင်ရာ ခရီးသွားဝင်ရောက်မှု ခရီးသည် ဦးရေ သန်း ၃၀၀ ဆုံးရှုံး၍ ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ ဘီလီယံ ၃၂၀ ဆုံးရှုံး မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှန်သမျှ ရပ်ဆိုင်းထားရဦးမည်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေ သန်းနှင့်ချီ၍ အကြီးမားဆုံး ရိုက်ခတ်မှု ကို ကြုံတွေ့ရလျက်ရှိပါသည်။ COVID-19 အလွန်ကာလများတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်မည် ဆိုပါက အကျိုးအမြတ်များကို လူတန်းစားအလွှာ အသီးသီး ခံစားရစေရန်နှင့် ပိုမိုခိုင်မာ ပြည့်စုံကောင်းမွန်သည့် ရေရှည်ဖွံ့ဖြိုးမှု အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် အထူး လိုအပ်မည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင်လည်း ပညာရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ ကဏ္ဍတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးစားပေးထည့်သွင်းရန် လိုပြီး သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ကိုထိန်းသိမ်းသွားရန် လိုအပ်ပါသည်။


၂၁ ရာစုနှင့် ခရီးသွားလုပ်ငန်း

အနာဂတ်ကို တိကျစွာ သိရှိခြင်းသည် ဖြစ်နိုင်ခြေမရှိသော်လည်း ကိစ္စရပ်တိုင်းကို စဉ်းစားဆင်ခြင်ရန် သင့်သည်ချည်းဖြစ် သည်ဟူသော ခရီးသွားလုပ်ငန်းဆိုင်ရာ စာပေပညာရှင် Neil Leiper အဆိုနှင့် ကိုက်ညီစွာပင် ယနေ့မကြုံစဖူးကြုံတွေ့ နေရသည့် ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းနှောင့်နှေးနေရချိန် တွင် အဘက်ဘက်က ကြိုတင်စိစစ် သုံးသပ် ဆောင်ရွက်ထားရှိရမည်ဖြစ်သည်။ ခရီးသွား လုပ်ငန်း၏ သမိုင်းတစ်လျှောက် ခရီးသွား မြင့်တက်လာသော တိုင်းပြည်ဒေသများနှင့် အကြောင်းကြောင်းကြောင့် ခရီးသွား ကျဆင်းသွားရသည့် တိုင်းပြည်ဒေသများ လည်း သာဓကအဖြစ် များစွာရှိခဲ့ပါသည်။


သို့ဖြစ်ရာအနာဂတ် ခရီးသွားလုပ်ငန်း သည်လည်း ကျေးလက်ဒေသကို အခြေခံ ၍ ရေရှည်တည်တံ့ခိုင်မြဲသော လူတန်းစား အလွှာအသီးသီးကို လုပ်ပိုင်ခွင့် ခွဲဝေသော၊ ပိုမို၍ရွေးချယ်ခွင့်ရှိသော၊ ပိုမိုညင်သာ၍ ပြောင်းလွယ်ပြုလွယ်ရှိသော ခရီးသွား လုပ်ငန်းတစ်ရပ်အဖြစ် ပျော်ရွှင်ဖွယ်ရာ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကို ကြိုဆိုဆန္ဒပြုအပ်ပါသည်။