နေပြည်တော် စက်တင်ဘာ ၂၅
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်း သာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဖူးကြီးမြို့နှင့် တိုက်ကြီးမြို့နယ်တို့ရှိ နယ်မြေခံ တပ်ဌာနချုပ်နှင့် တပ်ရင်းအသီးသီးတို့၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက် နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲ အလီလီရယူနိုင်ခဲ့သော မှော်ဘီတပ်နယ်မှ အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် တိုက်ကြီးတပ်နယ်မှ အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ခြင်းအခမ်းအနားကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများဖြင့် လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်


