ရန်ကုန် အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရာဟုထောင့် ထီးတော်ရုံ တန်ဆောင်း၌ ကျင်းပသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ရွတ်ဖတ် ပူဇော်ကြပြီး အခမ်းအနား တွင် ဆရာတော်၊ သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ညပိုင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည့် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော် မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော် ဆက်ကပ်ပွဲ နှင့် ဆီမီး ၁၁၁၁၁ စုပေါင်း ထွန်းညှိ ပူဇော်ဆက်ကပ်ပွဲသို့ တက်ရောက်ကြသည်။
ပူဇော် ဆက်ကပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများ ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ် ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
ဆက်လက်၍ လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်း၊ ရေ ချမ်း၊ ဆီမီးနံ့သာများဖြင့် ဆက်ကပ် ပူဇော်ကြပြီး အခမ်းအနား အစီ အစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့အတူ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော်ကြ သည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော် နှင့် လျှပ်စစ်မီးစေတီများကို စေတီတော်ကြီး ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီး တန်ဆောင်းတွင် ယနေ့မှ အောက်တိုဘာ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် ထွန်းညှိပူဇော် မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်(MNA)


