ရွှေရောင်လွင်ပြင်မှသည် ကမ္ဘာ့ဈေးကွက်ဆီသို့ မြန်မာ့ပဲမျိုးစုံကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေး အားလုံးရွက်ဆောင်ပေး

ဒေါက်တာပပဝင်း(စိုက်/သု)

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံစီးပွားရေးတွင် ပဲမျိုးစုံကဏ္ဍသည် ဆန်စပါးပြီးလျှင် ဒုတိယအရေးအကြီးဆုံးဖြစ်ရုံမျှမက ပြည်ပပို့ကုန်တွင်လည်း အမျိုးသားအဆင့် အရေးပါဆုံးဖြစ်သည်။ ပဲမျိုးစုံသီးနှံသည် စိုက်ပျိုးရလွယ်ကူခြင်း၊ သီးနှံပုံစံမျိုးစုံဖြင့် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ပဲမျိုးစုံသီးနှံကို စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိပါသည်။

ပဲအမျိုးအစားပေါင်း များစွာရှိသည့်အနက် အဓိကစိုက်ပျိုးသည့် ပဲမျိုးပေါင်း ၁၈ မျိုးခန့်ရှိပါသည်။ ယင်းတို့မှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲရာဇာ၊ မြေထောက်ပဲ၊ ပဲနောက်၊ ပဲကျား၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ စသည်တို့ ဖြစ်ကြသည်။ အဆိုပါပဲမျိုးများအနက် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ကုလားပဲ၊ ပဲစင်းငုံတို့ကို အဓိက စိုက်ပျိုး ကြပါသည်။

ပဲသီးနှံသည် အသားဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝသောကြောင့် ကျန်းမာရေးအာဟာရတန်ဖိုး အရ အရေးပါသော သီးနှံလည်းဖြစ်သည်။ ပဲမျိုးအလိုက် အသားဓာတ်ပါဝင်မှုမှာ ပဲပုပ် ၃၆ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ကုလားပဲ ၂၀ -၂၅ ရာခိုင်နှုန်း နှင့် ပဲတီစိမ်း ၂၁ ရာခိုင်နှုန်းခန့်တို့ ရှိကြပါသည်။ ပြည်ပပို့ကုန် ပဲမျိုးစုံ၏ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်လည်း တင်ပို့ လျက်ရှိပါသည်။ ပြောင်းလဲလာသည့် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများ၊ အိမ်နီးချင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှုပုံစံ ပြောင်းလဲလာမှုများနှင့် ကမ္ဘာ့ဈေးကွက်၏ တင်းကျပ်သော အရည်အသွေး သတ်မှတ်ချက်များကြောင့် မြန်မာ့ပဲမျိုးစုံကဏ္ဍ ရေရှည်ခိုင်မာမှု အားကောင်းစေရန်အတွက် “သုတေသန၊ ထုတ်လုပ်ရေးနှင့် ဈေးကွက်တင်ပို့မှု” ဟူသော ဒေါက်တိုင်ကြီးသုံးရပ်ကို အကွက်ကျကျ ချိတ်ဆက်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

သုတေသနစွမ်းအားဖြင့် ပဲမျိုးစုံကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

ပဲမျိုးစုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပထမဆုံးနှင့် အရေးကြီးဆုံးအချက်မှာ သုတေသနလုပ်ငန်း များကို စဉ်ဆက်မပြတ် တွန်းအားပေးရန်ဖြစ်သည်။ ယခုလတ်တလော တောင်သူများ စိုက်ပျိုးလျက်ရှိ သည့် မျိုးများထက်ပြောင်းလဲလာသော ရာသီဥတု၊ ပိုးမွှား၊ ရောဂါဒဏ်ခံနိုင်သည့် မျိုးများ၊ သီးထပ် စွမ်းအားမြင့်မားရန် သက်တမ်းတို၊ တစ်ပြိုင်တည်း ရင့်မှည့်ပြီး စက်ဖြင့်ရိတ်သိမ်းရန် လွယ်ကူသည့် အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင် အရည်အသွေး ကောင်းသောမျိုးများကို ခေတ်မီဇီဝနည်းပညာနှင့် သမားရိုးကျ မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း နည်းလမ်းများပေါင်းစပ်ကာ သုတေသနပြုမွေးမြူ ထုတ်လုပ်သွားရမည်ဖြစ်ပါသည်။

သုတေသနများ အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သုတေသနစရိတ်အပါအဝင် သုတေသန အခြေခံအဆောက်အအုံများ တိုးမြှင့်ဖြည့်ဆည်းခြင်း၊ ပြည်တွင်းပြည်ပအဖွဲ့များနှင့် ချိတ်ဆက်၍ ပဲမျိုးစုံ ဗီဇအရင်းအမြစ်များ စုဆောင်းခြင်း၊ ဈေးကွက်ခိုင်မာမှုရှိရန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသတွင်း သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ သုတေသနရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည့် ပတ်ဝန်းကျင်များဖြစ်ရန် ဖန်တီးပေးခြင်း၊  သုတေသီများနှင့် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကားသူများအကြား အကြားအလပ်မရှိ အချိတ်အဆက်မိမိရှိနေခြင်း အစရှိသည့်အချက်များသည် အလွန်အရေးကြီးသည့် အချက်များဖြစ်ပါသည်။

ထုတ်လုပ်မှုကွင်းဆက် စနစ်ကျန အားကောင်းရန် ဆောင်ရွက်ခြင်း

သုတေသနတွေ့ရှိချက်များမည်မျှပင် ကောင်းမွန်စေကာမူ တောင်သူများလက်ဝယ် သုတေသန ရလဒ်များ အမြန်ရောက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရန်အတွက် စနစ်ကျသော မျိုးစေ့စီးဆင်းမှု စနစ်ကို အားကောင်းအောင်ဆောင်ရွက်ခြင်း၊ မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များအား ထူထောင်ပြီး မျိုးစေ့အရည်အသွေး ထိန်းသိမ်းပွားများ ထုတ်လုပ်သည့် နည်းစနစ်ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးလိုက်နာစေခြင်း၊ မျိုးသစ်များ အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာစေရန် တောင်သူနည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်ရပါမည်။

ပြည်တွင်းပြည်ပ ဈေးကွက် ရှာဖွေရေးနှင့် အရည်အသွေး အာမခံချက်

စိုက်ပျိုးထွက်ရှိလာသော ပဲများကို တန်ဖိုးမှန်၊ ဈေးနှုန်းမှန်ဖြင့် အချိန်မီရောင်းချနိုင်ရေးသည် ကဏ္ဍ တစ်ခုလုံး ရှင်သန်ရေးအတွက် အသက်သွေးကြော ဖြစ်သည်။ ပြည်ပဈေးကွက်ကြီးများ (ဥပမာ-အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂ)သို့ တင်ပို့ရာတွင် အဓိကအတားအဆီးမှာ ဓာတုဆေးများ ဓာတ်ကြွင်း ကျန်သည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်လွန် ကိုင်တွယ်မှုအထိ စနစ်တကျ ရှိစေရန် ပညာပေးခြင်း၊ ခေတ်မီဓာတ်ခွဲခန်းများဖြင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အဆင့်မြှင့်တင်ရပါမည်။

မြန်မာ့ပဲမျိုးစုံသည် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားနှင့် မူဝါဒအပြောင်းအလဲအပေါ်တွင် များစွာမှီခိုနေ သောကြောင့် အစိုးရအချင်းချင်း သဘောတူညီချက်များကို ခိုင်မာအောင် လုပ်ဆောင်ခြင်း၊ အာဆီယံ ဒေသတွင်း၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပဈေးကွက်သစ်များသို့ တိုးချဲ့ထိုးဖောက်ခြင်းတို့ကို ကုန်သွယ်မှု မူဝါဒရေးရာအရ ဗျူဟာမြောက် ဆောင်ရွက်ရပါမည်။

လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ပြည်တွင်း၌ ပဲခွဲခြမ်းစက်ရုံများ၊ အဆင့်မြင့်သန့်စင်စက်ရုံများ၊ ပဲမှုန့်နှင့် ပဲအခြေခံ အသင့်စားအစားအစာ ထုတ်လုပ်သည့် အသေးစားစက်မှုလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုကို အားပေးခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ပို့ကုန် တန်ဖိုးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ပဲတီစိမ်းနှင့် မတ်ပဲ

ပဲတီစိမ်းသီးနှံကို စုစုပေါင်း ပဲသီးနှံစိုက်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်စိုက်ပျိုးပြီး မိုးရာသီတွင် ၄၂ ရာခိုင် နှုန်းနှင့် မိုးနှောင်းရာသီတွင် ၅၈ ရာခိုင်နှုန်း စိုက်ပျိုးပါသည်။ စိုက်ပျိုးထုတ်လုပ်မှု၏ ၃၈ ရာခိုင်နှုန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ၃၁ ရာခိုင်နှုန်းကို မကွေးတိုင်းဒေသကြီး၊ ၂၁ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။ မတ်ပဲသီးနှံကိုမူ မိုးနှောင်းရာသီတွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးတွင် ၄၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၂ ရာခိုင်နှုန်းနှင့် နေပြည်တော်အပါအဝင် အခြားဒေသများတွင် ၁၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးသည်။

မြေအမျိုးအစားနှင့် စိုက်ချိန်။ မြေချဉ်ငန်ဓာတ် ၆ ဒသမ ၅ - ၇ ဒသမ ၀ ရှိသော နုန်းမြေနှင့် သဲနုန်း မြေ အမျိုးအစားတွင် စိုက်ပျိုးနိုင်ပါသည်။ ပဲတီစိမ်း သီးနှံကို မိုးကြို (ဖေဖော်ဝါရီလလယ် - မတ်လ)၊ မိုးရာသီ (မေလ - ဇွန်လလယ်)၊ မိုးလယ် (ဇူလိုင်လ- ဩဂုတ်လ)၊ မိုးနှောင်း(အောက်တိုဘာလလယ် - နိုဝင်ဘာလလယ်)နှင့် မတ်ပဲသီးနှံကို အဝါရောင်မိုစေ့ ရောဂါသက်သာစေရန် နိုဝင်ဘာ ဒုတိယပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။

မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေ။ အပင်ပေါက် ၈၅-၉၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးကိုသုံးပါ။ ပဲတီစိမ်း (၄-၅ ပြည်/ဧက)၊ မတ်ပဲ (၈-၁၀ ပြည်/ဧက) နှုန်းဖြင့် ပင်ကြား ၁ ဒသမ ၅ ပေ၊ တန်းကြား လေးလက်မဖြင့် တစ်ဧက အပင်ဦးရေ တစ်သိန်းခန့် ဝင်ဆံ့အောင် စိုက်ပျိုးရပါမည်။

မျိုးရွေးချယ်ခြင်း။ အဝါရောင်မှိုစေ့ရောဂါဒဏ်ခံနိုင် ပြီး ဒေသရေမြေရာသီဥတုနှင့် လိုက်လျောညီထွေ ရှိသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရပါမည်။ ပဲတီစိမ်းတွင် မိမိဒေသ နှင့် သင့်တော်မည့် ရေဆင်း-၁၊ ရေဆင်း-၉၊ ရေဆင်း- ၁၁၊ ရေဆင်း-၁၄၊ ရေဆင်း-၁၅ နှင့် ရေဆင်း-၁၆ မျိုးများကို စိုက်ပျိုးနိုင်ပါသည်။ မတ်ပဲတွင် ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၄၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၇၊ ဟင်္သာတ/မိုးညိုလုံးကြီးနှင့် ပုလဲထွန်းတို့ကို စိုက်ပျိုးနိုင်ပါသည်။

မြေဩဇာနှုန်းထား။ ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ နွားချေးလှည်း ၅-၁၀ စီး မြေခံထည့်ပါ။ မစိုက်ပျိုးမီ ပဲမြစ်ဖုဇီဝမြေဩဇာ (ရိုင်ဇိုဘီယမ်) ၂၀၀ ဂရမ် (တစ်ထုပ်)ကို လူးနယ်ပြီးမှ စိုက်ပျိုးပါ။ အစေ့အဆန်ကောင်းစွာ ဖြည့်တင်းရန် ဆာလဖာ (၅ရာခိုင်နှုန်း)ပါဝင်သော လချေးကျောက်မှုန့် မြေဩဇာကို တစ်ဧကလျှင် ပြည် ၂၀ နှုန်း စိုက်ချိန်တွင် ထည့်သင့်သည်။

အပင်ပြုစုစောင့်ရှောက်ခြင်း။ အပင်ငယ်စဉ် မှိုသတ်ဆေးလူးနယ်ခြင်းနှင့် မြေအောင်းပိုး၊ ပင်စည်ထိုး ယင်အတွက် မြေအောင်းပိုးသတ်ဆေး ၃ ကီလိုဂရမ်ကို စိုက်ကြောင်းတွင်ထည့်ပါ။ ပင်စည်ထိုးယင်၊ ရွက်လိပ်ရွက်ကပ်၊ ငမြှောင်တောင်၊ ခူမွေးရှည်၊ ပွင့်ထွေးရွက်ထွေးပိုးနှင့် သီးလုံးဖောက်ပိုးများကို ကာကွယ်ပါ။ လိုအပ်ပါက ပန်းမပွင့်မီနှင့် သီးတောင့် ဖြစ်ချိန်တွင် ရေတစ်ကြိမ်စီ သွင်းပါ။

ရိတ်သိမ်းခြင်း။ သီးတောင့် ၈၀-၉၀ ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ ပဲတီစိမ်းကို အနည်းဆုံး နှစ်ကြိမ် ဆွတ်ခူးပြီး မတ်ပဲကို ၉၀ ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းခြွေလှေ့ပါ။

ပဲပုပ်သီးနှံ

ပဲပုပ်သည် အသားဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်း ပါဝင်သော အာဟာရပြည့် သီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးဆီနှင့် တိရစ္ဆာန်အစာ (နှစ်စဉ် တင်သွင်းနေရမှု မက်ထရစ် တန် ၆၀၀၀၀၀ ခန့် လျှော့ချတင်သွင်းနိုင်ရန်)အတွက် အရေးပါသည်။ ရှမ်းပြည်နယ်တွင် စုစုပေါင်းစိုက်ဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော်၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၁၀ ရာခိုင်နှုန်းကျော်၊ ကချင်၊ ကယား၊ ကရင်ပြည်နယ်တို့တွင် ၂၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးသည်။

မြေအမျိုးအစားနှင့် စိုက်ချိန်။ မြေချဉ်ငန်ဓာတ် ၆ ဒသမ ၀ - ၆ ဒသမ ၅ ရှိသော သဲနုန်း သို့မဟုတ် နုန်းမြေစေး အမျိုးအစားတွင် စိုက်ပျိုးရပါမည်။ ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။ မိုးရာသီ (မေလ လယ် - ဇွန်လလယ်) နှင့် ဆောင်းရာသီ (အောက်တို ဘာလလယ် - နိုဝင်ဘာလလယ်)(အအေးမလွန်မီ) တို့တွင် စိုက်ပျိုးရပါမည်။

မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေ။ အပင်ပေါက် ၈၀-၈၅ ရာခိုင်နှုန်းအထက်ရှိသော ရေဆင်း-၃၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၁၁၊ ရေဆင်း-၁၂၊ ရေဆင်း- ၁၄၊ ရေဆင်း-၁၅ စသည့်မျိုးများ အသုံးပြု ပါ။ တန်းကြား ၁ ဒသမ ၅ ပေ၊ ပင်ကြား ၃-၄ လက်မတွင် မျိုးစေ့နှုန်းထား ၁၂-၁၅ ပြည် /ဧကနှုန်းဖြင့် တစ်ဧက အပင်ဦးရေ (၁ ဒသမ ၅ - ၂) သိန်းခန့် ဝင်ဆံ့အောင် စိုက်ပျိုးရပါမည်။

မြေဩဇာနှုန်းထား။ ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၅၆ ပေါင် (ပဲပုပ်သည် နိုက်ထရို ဂျင်နှင့် ပိုတက်စီယမ် ပိုလိုအပ်သည်)၊ နွားချေး/သဘာဝမြေဩဇာလှည်း ၅-၁၀ စီး မြေခံထည့်ပါ။ မစိုက်ပျိုးမီတွင် ပဲပုပ်သီးသန့် ရိုင်ဇိုဘီယမ် ၂၀၀ ဂရမ် (တစ်ထုပ်) လူးနယ်ပြီးမှ စိုက်ပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း။ ပင်ခြေပုပ်/အမြစ်ပုပ် ကာကွယ်ရန် ကာဗင်ဒါဇင် သို့မဟုတ် မန်ကိုဇက် လူးနယ်ပါ။ မြေအောင်းပိုးနှင့် ပင်စည်ထိုးယင်အတွက် ဖီပရိုနေး သို့မဟုတ် ကာဘိုဖျူရန် ၃ ကီလိုဂရမ်တို့ကိုစိုက်ကြောင်းထဲသို့ထည့်၍ ကာကွယ်ပါ။ ဒေါင်းနီမှိုနှင့် ရွက်ခြောက်ရောဂါ၊ ယင်ဖြူ၊ ဖြုတ်စိမ်း၊ သီးလုံး ဖောက်ပိုးများကို နှိမ်နင်းပါ။အပင်သက်တမ်း သုံးပုံတစ်ပုံအတွင်း ပေါင်းမြက်များကို သေချာစွာနှိမ်နင်းပါ။

ရေသွင်းခြင်းနှင့် ရိတ်သိမ်းခြင်း။ ဆောင်းစိုက်အတွက် အပင်ပေါက်စုံချိန် (၁၅ ရက်)၊ ပန်းပွင့်ချိန် (၃၅-၄၀ ရက်)၊ အစေ့တည်ချိန် (၅၅-၆၀ ရက်)တို့တွင် မြေအစိုဓာတ်အပေါ် မူတည်၍ လိုအပ်ပါက ရေသွင်းပါ။ အရွက်များ ဝါ၍ကြွေပြီး သီးတောင့် ၈၅-၉၀ ရာခိုင်နှုန်း ရင့်မှည့်(ဝါ/ညိုရောင်ပြောင်း) ချိန်တွင် ရိတ်သိမ်း၍ အစိုဓာတ် ၁၂ ရာခိုင်နှုန်းအောက် ရောက်အောင် အခြောက်ခံပြီးမှ သိုလှောင်ပါ။

ကုလားပဲသီးနှံ

ကုလားပဲကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် စပါးအပြီး လက်ကျန်အစိုဓာတ်ဖြင့် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည်။ စုစုပေါင်း ကုလားပဲစိုက်ဧရိယာ၏ ၄၃ ရာခိုင်နှုန်းကို စစ်ကိုင်း တိုင်းဒေသကြီး၊ ၂၆ ရာခိုင်နှုန်းကို မကွေးတိုင်းဒေသကြီးနှင့် ၂၃ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီး တို့တွင် အဓိက စိုက်ပျိုးသည်။

မြေအမျိုးအစားနှင့် စိုက်ချိန် - မြေချဉ်ငန်ဓာတ် ၆ ဒသမ ၀ - ၇ ဒသမ ၅ ရှိသော နုန်းမြေနှင့် သဲနုန်း မြေများတွင် ဖြစ်ထွန်းအောင်မြင်သည်။ မြေဆီလွှာ အေးမြမှုကို နှစ်သက်ပြီး ရေဝပ်ခြင်း လုံးဝမခံနိုင် ပါ။ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ် (မိုးပါးချိန် မြေအစိုဓာတ်ရှိစဉ် အမြန်စိုက်ရန်)တွင် အပြီးစိုက်ပျိုးသင့်ပါသည်။

မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေ။ အပင်ပေါက် ၈၅- ၉၀ ရာခိုင်နှုန်းရှိပြီး ပင်ညှိုးရောဂါ (Fusarium wilt) ဒဏ်ခံမျိုးကို ရွေးချယ်ပါ။ လုံးကြီးမျိုး- ၁၆-၁၈ ပြည်/ဧက၊ လုံးသေးမျိုး - ၁၀-၁၂ ပြည်/ဧကနှုန်းဖြင့် တန်းကြား ၁ ဒသမ ၂၅ - ၁ ဒသမ ၅ ပေ၊ ပင်ကြား ၃-၄ လက်မဖြင့် တစ်ဧကအပင်ဦးရေ (ရှစ်သောင်း- တစ်သိန်း) ဝင်ဆံ့အောင်စိုက်ပါ။

မြေဩဇာနှုန်းထား။ တစ်ဧကလျှင် ယူရီးယား ၁၄ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ နွားချေးလှည်း ငါးစီး မြေခံထည့်ပါ။ မစိုက်ပျိုးမီ မျိုးစေ့ကို ကုလားပဲသီးသန့် ရိုင်ဇိုဘီယမ် ၂၀၀ ဂရမ် (တစ်ထုပ်) လူးနယ်ပြီးမှစိုက်ပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း။ အပင်ညှိုးသေရောဂါအတွက် ကာဗင်ဒါဇင် သို့မဟုတ် ကာပတန် လူးနယ် ပါ။ မြေအောင်းပိုးအတွက် မြေအောင်းပိုးသတ်ဆေး ၃ ကီလိုဂရမ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ အပင် ငယ်စဉ် (၂၀-၂၅ ရက်) တွင် ပေါင်းနှိမ်နင်းပါ (အပင် ရင့်ပါက အက်စစ်ဓာတ်ကြောင့် ပေါင်းပေါက်ရောက်မှု သဘာဝအလျောက် နည်းသွားသည်)။ သီးလုံးဖောက်ပိုးကို အထူးဂရုပြုနှိမ်နင်းပါ။

ရေသွင်းခြင်းနှင့် ရိတ်သိမ်းခြင်း။ အစိုဓာတ်ရှိသည်ကို ကြိုက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်ပါ။ အထွက်တိုးရန် ပန်းမပွင့်မီ (၃၀-၃၅ ရက်)နှင့် သီးတောင့်စဝင်ချိန်(၅၅-၆၀ ရက်)တွင် ရေ ၁-၂ ကြိမ် စိုက်ကြောင်းတွင်း အမြန်သွင်း/ထုတ် ဆောင်ရွက်နိုင်ပါသည်။ အရွက်/ပင်စည်ဝါ၍ သီးတောင့် ၈၀-၉၀ ရာခိုင်နှုန်း ရင့်မှည့်ကာ လှုပ်ခါကြည့်ပါက အစေ့မြည်ချိန်တွင် ရိတ်သိမ်းပြီး ၃-၄ ရက် နေလှန်း၍ အစို ဓာတ် ၁၀ ရာခိုင်နှုန်း ဝန်းကျင်တွင် သိုလှောင်ပါ။

ပဲစင်းငုံသီးနှံ

ပဲစင်းငုံသီးနှံသည် အရေးကြီးသော ပြည်ပပို့ကုန် သီးနှံဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်း ကို စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် စိုက်ပျိုးသည်။ မိုးရာသီတွင် သီးသန့် (သို့) ပဲတီ စိမ်း၊ နှမ်း၊ မြေပဲတို့နှင့် သီးညှပ်စိုက်ပျိုးကြသည်။ သက်တမ်းအလိုက် အထူးသက်လျင် (ရေဆင်း-၁၁)၊ သက်လျင် (ရေဆင်း-၃၊ ရေဆင်း-၁၀)၊ သက်လတ် (ရေဆင်း-၉၊ မုံရွာရွှေဒင်္ဂါး) နှင့် သက်ကြီး (ဒေသမျိုး) များ စိုက်ပျိုးကြသည်။

မြေအမျိုးအစားနှင့် စိုက်ချိန်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၀ - ၇ ဒသမ ၅ ရှိသော သဲနုန်းမြေ၊ နုန်းမြေ နှင့် နီညိုမြေများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ ရေဝပ်ခြင်းနှင့် ဆားငန်မြေကို ရှောင်ရမည်ဖြစ်ပြီး မိုးခေါင်ရေရှားဒဏ် အလွန်ခံနိုင်ပါသည်။ မိုးဦးကျကာလ (မေလလယ် - ဇွန်လလယ်)တွင် စောစော စိုက်ပျိုးရပါမည်။

မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေ။ အပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက်ရှိသော မျိုးကိုသုံးပါ။ မျိုးစေ့ နှုန်းထားအနေဖြင့် သီးသန့်စိုက်လျှင် ၃-၄ ပြည်/ဧက၊ သီးညှပ်စိုက်လျှင် ၁ ဒသမ ၅ - ၂ ပြည်/ဧက အသုံးပြုရမည်။ တန်းကြား ၃-၄ ပေ၊ ပင်ကြား ၁ ဒသမ ၅ - ၂ ပေဖြင့် တစ်ကျင်း ၃-၄ စေ့ချပြီး အပင် ပေါက်လာပါက သန်မာသော ၁-၂ ပင်သာ ချန်၍ သားခွဲပါ (တစ်ဧက အပင် ၈၀၀၀ - ၁၂၀၀၀)။

မြေဩဇာနှုန်းထား။ တစ်ဧကလျှင် ယူရီးယား ၁၄ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ နွား ချေးလှည်း ၅-၁၀ စီး မြေခံထည့်ပါ။ ပဲစင်းငုံသီးသန့် ရိုင်ဇိုဘီယမ် ၂၀၀ ဂရမ် (တစ်ထုပ်) ကိုမျိုးစေ့အား လူးနယ်စိုက်ပျိုးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း။ ပင်ခြေပုပ်ခြင်းမှ ကာကွယ်ရန် ကာဗင်ဒါဇင်ကဲ့သို့သောဆေးများကို လူးနယ်စိုက်ပျိုးပေးပါ။ မြေအောင်းပိုးနှင့် ခြကောင်အတွက် မြေအောင်းပိုးသတ်ဆေး ၃ ကီလိုဂရမ်ထည့်ပါ။ အပင်ငယ်စဉ် (ပထမ ၂-၃ လ) ကြီးထွားမှု နှေးသောကြောင့် ပေါင်းပင်များကို အထူးဂရုပြုနှိမ်နင်းပါ။ အပင်အုပ်ဆိုင်းက ပေါင်းမပေါက်နိုင်တော့ပါ။ သီးလုံးဖောက် ပိုး၊ ပျပိုး၊ လှေးပိုးနှင့် ပင်ညှိုးသေရောဂါ၊ ဖားဥမှိုရောဂါ များကျရောက်ပါက စနစ်တကျကာကွယ်နှိမ်းနင်းပေး ပါ။ စိုက်ခင်းအား ရေဝပ်ခြင်းမရှိအောင်  ဆောင်ရွက်ပါ။

ရေသွင်းခြင်းနှင့်ရိတ်သိမ်းခြင်း။ မိုးရေသောက်ဖြင့် အဆင်ပြေသော်လည်း ဆောင်းရာသီ ပန်းပွင့်/သီး တောင့်ဝင်ချိန်တွင် အလွန်ခြောက်သွေ့ပါက ရေတစ်ကြိမ် သွင်းပေးလျှင် အထွက်တိုးစေသည်။ သက်တမ်း ၆-၈ လအကြာ အရွက်ဝါခြောက်ပြီး သီးတောင့် ၈၀-၈၅ ရာခိုင်နှုန်း အညိုရောင် ပြောင်းချိန်တွင် အရင်းမှဖြတ်တောက်ရိတ်သိမ်းပါ။ ၃-၄ ရက်ခန့် နေလှန်း၊ ရိုက်ခြွေပြီး အစိုဓာတ် ၁၀-၁၂ ရာခိုင်နှုန်းရှိမှ စနစ်တကျသိုလှောင်ပါ။ (နှမ်း၊ မြေပဲ၊ ပြောင်းဖူးတို့နှင့် သီးညှပ်စိုက်ပျိုးပါက မိမိတို့ ဒေသအလိုက် သတ်မှတ်ထားသော စိုက်စနစ်အတိုင်း စိုက်ပျိုးနိုင်ပါသည်။)

ပဲတစ်မျိုးတည်းကို အမြဲစိုက်ပျိုးခြင်းထက် ဥပမာ စပါးအပြီး လယ်မြေများတွင် မတ်ပဲအစားထိုး ပဲပုပ်စိုက်ပျိုးခြင်း သို့မဟုတ် ပဲစင်းငုံအပင်ကျပ် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်အစာ၊ စားသုံးဆီပိုမိုထုတ်လုပ်ရရှိနိုင်ခြင်းနှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ နိုင်မည်ဖြစ်ပါသည်။

ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများ

မြန်မာ့ပဲမျိုးစုံကဏ္ဍ အရှိန်အဟုန်မြှင့် တိုးတက်ရေးသည် တစ်ဦးတစ်ယောက် အစိတ်အပိုင်း တစ်ခု တည်းဖြင့် အကောင်အထည်ဖော်၍မရဘဲ “သုတေသန၊ တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အစိုးရ မူဝါဒ”ဟူသော ပဉ္စဂံပုံ ကွင်းဆက်တစ်ခုလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှတစ်ဆင့် စိုက်ပျိုးရေးပညာရှင်များ နှင့် တောင်သူများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်ပေးပြီး ခေတ်မီနည်းပညာများကို ထိရောက်စွာ အသုံးချကာ ခိုင်မာသည့် အစိုးရမူဝါဒ များအောက်တွင် အားလုံးပူးပေါင်းလက်တွဲဆောင် ရွက်သွားမည်ဆိုပါက မြန်မာ့ပဲမျိုးစုံသည် ကမ္ဘာ့ ဈေးကွက်တွင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတော်၏ စီးပွားရေးကိုမြှင့်တင်ပေးမည့် အဖိုးတန် “ရွှေရောင်ထုတ်ကုန်များ” အဖြစ် ဆက်လက် ဝင့်ထည်နေမည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။ ။