ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုကို စပိန်နိုင်ငံ ရင်ဆိုင်နေရ

မက်ဒရစ် ဩဂုတ် ၁

စပိန်နိုင်ငံက လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း မော်ရိုကိုနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

လူပေါင်း ၆၀၀၀၀ ခန့်သည် စပိန်ပိုင်နက်နယ်မြေဖြစ်သော ဆီအူတာမြို့သို့ ဝင်ရောက်ခဲ့ရာ လုံခြုံရေး မြှင့်တင်ရန်အတွက် တပ်မတော်သားများကို အဆိုပါဒေသသို့ စေလွှတ်ထားကြောင်း စပိန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများနှင့် စပိန်တာဝန်ရှိသူများအကြား ထိပ်တိုက်ရင်ဆိုင် မှုဖြစ်ပွားခဲ့ရာ ၅၇ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၈၀၀၀ ကျော်မှာမူ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း စပိန်တာဝန်ရှိသူများက ပြောသည်။

ယင်းသို့လုပ်ဆောင်ခြင်းသည် စပိန်နိုင်ငံ၏ နယ်မြေပိုင်နက်ဆိုင်ရာ အချုပ်အခြာအာဏာကို ချိုးဖောက်ရာ ရောက်ကြောင်း ဝန်ကြီးချုပ်ပက်ဒရို ဆန်းချက်ဇ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဆီအူတာမြို့သည် ဥရောပသို့ သွားရောက်လိုကြသည့် ရွှေ့ပြောင်းအခြေချသူများအတွက် ရေရှည်ဦးတည်ရာ  နေရာတစ်ခု ဖြစ်သည်။ မကြာသေးမီက ထွက်ပေါ်လာခဲ့သော တရားရုံးဆုံးဖြတ် ချက်တစ်ခုကြောင့် ယခုကဲ့သို့ အလုံးအရင်းဖြင့်  ဝင်ရောက်လာမှုများ ဖြစ်ပေါ်စေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။  ပင်လယ်ပြင်တွင် ကြားဖြတ်တားဆီးခံရသည့် ရွှေ့ပြောင်း အခြေချသူများကို မော်ရိုကိုနိုင်ငံသို့ ချက်ချင်းပြန်ပို့၍မရကြောင်း စပိန်တရားရုံးချုပ်က ဇူလိုင်လတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ယခုကဲ့သို့  လူအများအပြား ဝင်ရောက်လာမှုကြောင့် အခြားနိုင်ငံများသို့ပါ ရွှေ့ပြောင်းအခြေချသူများ ဆက်လက်စီးဝင်လာနိုင်သည့် စိုးရိမ်ပူပန်မှုများ ဥရောပတစ်ဝန်းတွင်  ဖြစ်ပေါ်လျက်ရှိသည်။  စပိန်နိုင်ငံသည် ဥရောပသမဂ္ဂ နိုင်ငံအများစုအကြား  လွတ်လပ်စွာ သွားလာခွင့်ပြုထားသည့် ရှန်ဂင်ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

စပိန်နိုင်ငံနှင့် ချုပ်ဆိုထားသည့် ရှန်ဂင်သဘောတူညီချက်ဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ယာယီ ရပ်ဆိုင်းကြောင်း  အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ သည်။ အိမ်နီးချင်း ပြင်သစ်နိုင်ငံကလည်း နယ်စပ်ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်