ရှေ့နေရှေ့ရပ်များအတွက် AML/ CFT/ CPF သင်တန်းဖွင့်လှစ်


နေပြည်တော် ဩဂုတ် ၁၅

 

ရှေ့နေရှေ့ရပ်များသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ကြိုတင်ကာကွယ်ရေးနှင့် သတင်းပို့တာဝန်ကို ဆောင်ရွက်ရမည့် သတင်းပို့အဖွဲ့အစည်းများဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနက ကြီးကြပ်ရေးအာဏာပိုင်အဖြစ် ကြီးကြပ်ဆောင်ရွက်ကြောင်း ယနေ့ နံနက်ပိုင်းတွင် Hotel Max နေပြည်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူးကျင်းပသည့် ရှေ့နေရှေ့ရပ်များအတွက် AML/ CFT/ CPF သင်တန်းမှ သိရသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက မြန်မာပြည်သူတို့၏ ဘဝလုံခြုံမှုရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားမဖြစ်စေရန် AML/ CFT/ CPFကို ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ FATF (Financial Action Task Force) ၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ AML/ CFT အမျိုးသားအဆင့် မဟာဗျူဟာပထမသက်တမ်း (၂၀၁၉-၂၀၂၃) လွန်မြောက်၍ ဒုတိယသက်တမ်း (၂၀၂၄-၂၀၂၈) ကာလအတွင်း ရောက်ရှိအကောင်အထည်ဖော်လျက်ရှိကြောင်း။

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး/ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး/ လူအများအပြား သေကျေစေသော လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအသစ်ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်ကြောင်း ယခုသင်တန်းသည် ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာနှင့် စွမ်းဆောင်ရည်မြင့်မားရေးကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရှေ့နေရှေ့ရပ်များအနေဖြင့် ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် ကြီးကြပ်ရေးအာဏာပိုင်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့သည်။ 

 

သင်တန်းကို ဩဂုတ် ၁၅ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် amL/ cft အမျိုးသားအဆင့် မဟာဗျူဟာဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၂၆ခုနှစ်) ၏ လုပ်ငန်းအစီအစဉ် ၂.၆.၂၊ ၃.၁.၁၊ ၃.၂.၂.၊ ၃.၂.၄၊ ၃.၃.၂ တို့အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်တရားသူကြီးများ၊ AML/ CFT လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းပို့ချမည့်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ရှေ့နေရှေ့ရပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်