ရှေ့နေနှင့် အသေးအမွှား

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း
ဆရာ
ဗျာ
ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ
ရှေ့နေနှင့် အသေးအမွှားပါတဲ့
ဘာကိုဆိုလိုတာလဲ ဆရာ
စာရေးဆရာကြီး မောင်ဆုရှင် ဘာသာပြန်တဲ့ အသေးအမွှား အရေးမထားဖို့ နည်းလမ်း ၁၀၀စာအုပ်အကြောင်း ရေးသားတင်ပြချင်လို့ပါ
စိတ်ဝင်စားပါတယ်ဆရာ
ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့

ထုတ်ဝေခဲ့သည်မှာ အတော်ကြာ

စာရေးဆရာကြီး မောင်ဆုရှင် ပြုစု ဘာသာပြန်ခဲ့သော မူရင်းစာအုပ်မှာ Richard Carlson (Ph-D) Don’t Sweat The Small Stuff ဖြစ်သည်။ တူဒေးစာအုပ်တိုက်က ၂၀၀၁ ၊ စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယနေ့ဆိုလျှင် အနှစ် (၂၀) နီးပါးရှိပြီမို့ ထုတ်ဝေ ခဲ့သည်မှာ အတော်ကြာပြီ။ သို့သော် ဤစာအုပ်ကို ဘယ် နှကြိမ် ပြန်ဖတ်ဖတ် လက်မလွှတ်ချင်။ ဖတ်လေဖတ်လေ တန်ဖိုးကြီးလေ။ တွေးလေတွေးလေ အေးချမ်းသာယာ ရှိလေ-----။ ဘာကြောင့် ပါလိမ့်။ ဤဆောင်းပါးဖြင့် အဖြေရှာကြည့်ကြစို့။

ထုတ်ဝေသူ၏အမှာ
ထုတ်ဝေသူ၏ အမှာကို ပြန်ဖတ်ကြည့်ပါ။ လူ့ဘဝ ဟူသည်မှာ အလင်းနှင့် အမှောင်၊ အဖြူနှင့် အမည်း၊ အကောင်းနှင့်အဆိုး ဒွန်တွဲနေမည်မှာ လောကဓမ္မတာပင် ဖြစ်သည်။ ဘဝတစ်လျှောက်တွင် အခက်အခဲများ၊ စိတ် သောကရောက်စရာများနှင့် ကြုံတွေ့ရသော် မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်ဖို့ လိုပါသည်။ အကျိုးသင့် အကြောင်းသင့် သုံးသပ်မည်ဆိုလျှင် ပြဿနာ၏ ဖြေရှင်းရာ၊ ငြိမ်းချမ်း ရာကို တွေ့ရှိနိုင်မည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် လက်ရှိမျက်မှောက် ကျင်လည်ရဆဲအချိန်ကလေးကို ပြီးခဲ့သော ပြဿနာများနှင့် ရှေ့ဖြစ်လာမည့် စိုးရိမ် ဖွယ်တို့အား စိုးမိုးခွင့်ပေးထားမည်ဆိုလျှင် စိတ်ကသိ ကအောက်ဖြစ်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းအဖြစ်တို့နှင့် ဘဝကို အဆုံးသတ်ကြရမည်ဖြစ်သည်။
ထို့ကြောင့် လောကတွင် ပြည့်စုံအေးချမ်းသော ဘဝကို လူသားတိုင်း ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် မူရင်း Richard Carlson (Ph.D) Don’t Sweat The Small Stuff ကို ဆရာ မောင်ဆုရှင်က ဘာသာပြန်ဆို၍ တူဒေး စာအုပ်တိုက်မှ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

ဘဝ၏ တန်ဖိုးကြီးမားသော အချိန်များကို မလွှဲမရှောင် သာ ကိစ္စလေးများအတွက် ဖြုန်းတီးမိခြင်းတည်းဟူသော နောင်တမရရှိကြစေရန်၊ ဘဝအတွက် အရေးပါသည့် အခြေခံလမ်းစဉ်များကို သတိပြုမိကြစေရန် မီးမောင်းထိုး တင်ပြထားသည်။ သုံးသပ် လေ့လာကြည့်ကြစို့။

အသေးအဖွဲဆိုတာဘာလဲ
စာမဖွဲ့လောက်သည့်ကိစ္စကလေးများကို စာဖွဲ့ကာ ရေးကြီးခွင်ကျယ်ဖြစ်အောင် ပြုလုပ်နေမိတတ်ကြသည်။ မဖြစ်လောက်သည့် ကိစ္စကလေးများကို အတွေးတိမ် တောင်ဆင်၍ ပုံကြီးချဲ့မိတတ်ကြသည်။ ကားမောင်းနေ စဉ် တစ်ဦးတစ်ယောက်က ကိုယ့်ရှေ့မှဖြတ်တက်သွားခြင်း ခံရသည့် အဖြစ်မျိုးနှင့် ကြုံရသည်။ သူ့ဘာသာ သွားပါစေ တော့ဟု ပေယျာလကန်ပြုကာ ကိုယ့်ကိစ္စကို ကိုယ်ဆက်မလုပ်ဘဲ ကျွဲမြီးတိုထိုက်သည်ဟု တိုဖြစ်အောင် တိုလိုက်မိ ကြသေးသည်။ ထိပ်တိုက်တွေ့ပစ်လိုက်မည့် အရေးကို တွေးလိုက်မိသေးသည်။ ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ပြုလုပ်ရမည့်အစား အခြားတစ်ယောက်ယောက်ကို ဖောက်သည်ချမိအောင် ချလိုက်သေးသည်။ (စာ-၁)
ထိုသို့ ဖြတ်တောက် ကျော်တက်သွားသူအား တစ်နေ ရာရာတွင် သူ့ထိုက်နဲ့သူ ရှိပါစေတော့ဟု အေးအေးလူလူ ဘာ့ကြောင့် သဘောမထားနိုင်ပါသနည်း။ ထိုသူ၏ အမောတကော အလောတကြီးအဖြစ်၏ ပင်ပန်းဆင်းရဲ ခြင်းကို တွေးဆလျက် စာနာစိတ်ပွားဖို့ ကြိုးစားလျှင်လည်း ရနိုင်ပါသည်။


ထိုနည်းဖြင့် ကိုယ့်ဘာသာ အခြေမပျက် စိတ်ချမ်းသာ သော အဖြစ်ကို ထိန်းသိမ်းလျက် သူတစ်ပါးပြဿနာတွင် မပါဝင်မိစေဘဲ လက်ရှောင်နိုင်ဖို့ဖြစ်သည်။

ဤဥပမာကဲ့သို့ အလားတူ မဖြစ်စလောက် အသေးအဖွဲ ကိစ္စလေးများ ဘဝတွင် နေ့စဉ်ကြုံရတတ်သည်။ ရှေ့နောက် တန်းစီ၍ အလှည့်ကျ စောင့်ဆိုင်းရသော ကိစ္စမျိုး၌ဖြစ်စေ၊ မဟုတ်မတရား ဝေဖန်ပြောဆိုမှုကို ကြားရသည်ဖြစ်စေ၊ သို့မဟုတ် အလုပ်တစ်ခုကို ကိုယ်ကချည်း လုပ်ကိုင်ပေးရ သည် ဖြစ်စေ မဖြစ်စလောက် ကိစ္စလေးများကြောင့် ပူပန် ကြောင့်ကြ မဖြစ်တတ်လျှင် အကျိုးများစွာ ရှိနိုင်ပေသည်။ လူအများတို့သည် ဤနည်းဖြင့် အသေးအဖွဲကလေးများ ကိုအရေးကဲကာ အားစိုက်နေခြင်းဖြင့် ဘဝ၏ ရသအလှ တို့နှင့် လုံးလုံးကြီး ဝေးကွာနေရလေသည်။ ထိုအလှရသ တို့နှင့် နီးစပ်အောင် လုပ်ကိုင်ရန် တကယ်တမ်း ပန်းတိုင် ထားမိမည်ဆိုပါက မိမိတွင် ကြင်နာတတ်သော၊ ဖော်ရွေ စာနာတတ်သော အားအင်များရှိလာသည်ကို တွေ့ရလိမ့် မည် ဖြစ်ပေသည်။ (စာ -၂)

အကြင်နာစိတ်ထား ပွားများပါစေ

အကြင်နာစိတ်သည် စာနာစိတ်မှ ဖြစ်ပေါ်သည်။ သူ့နေရာကိုဝင်၍ နေကြည့်တတ်သော သဘောပါဝင် သည်။ ကိုယ့်အမြင်ကို ဘေးဖယ်၍ အခြားသူတစ်ဦးဦး၏ အခက်အခဲဘက်မှ စဉ်းစားကြည့်ခြင်းဖြစ်သည်။ တစ်ပြိုင်တည်းတွင် သူ့ကို မေတ္တာရှေ့ထားရန် ဖြစ်သည်။ (စာ -၁၀)

သူတစ်ပါးပြောစဉ် စကားမဖြတ်ပါနှင့်

ဤကိစ္စမျိုးမှာ အလုပ်များသော သူတို့၌ တွေ့ရတတ်မြဲ ဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးအတွက် ပြောစကားကို အလျင်စလိုဖြစ်စေပြီး အတွေးကိုလည်း နှောင့်ယှက်ရာ ကျလေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် နှစ်ဦးစလုံးအား စိတ် လှုပ်ရှားစေပြီး တိုတောင်းစေကာ စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် ချက်ချင်းလက်ငင်း အားယုတ်စရာ အကြောင်းလည်း ဖြစ်သည်။ (စာ-၁၅)

လူတိုင်း ကိုယ့်ထက်တော်သူဟု သဘောထားပါ

ထိုအလေ့အထမျိုးကို လေ့ကျင့်နိုင်လျှင် အဘယ်မျှ လွယ်ကူ၍ ကြည်ရွှင်စရာဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရ လိမ့်မည်။ ထိုအခါ သူတို့ ဒီလိုဘာလို့လုပ်တာလဲဟူသောစိတ်ထားမျိုး မထားဘဲ သူတို့ ငါ့ကို ဘာသင်ပေး နေတာပါလိမ့်ဟူ၍ ခံယူချက်ပြောင်းသွားပေလိမ့်မည်။ ထို့ကြောင့်ယနေ့ကစ၍ ကိုယ့်အနီးအနား ပတ်ဝန်းကျင် တွင် ကိုယ့်ကို ဘဝသင်ခန်းစာ ပေးနိုင်မည့်သူတို့ကို ရှာ ကြည့်ပါလေ။ (စာ-၂၇)

ဘဝဆိုတာ မမျှတကြောင်း လက်ခံပါ

လောကကြီး မတရားဟူ၍သာ အထင်ရှိနေပါက ကိုယ့် အတွက်လည်း စိတ်မကောင်း၊ အခြားသူများအတွက် လည်း စိတ်မကောင်းဖြစ်နေရပေလိမ့်မည်။ (စာ-၄၃)

စိတ်ဖိစီးအားကို လျှော့ချပါ

ဖိစီးမှုခံရခြင်းကို ထိန်းမနိုင် သိမ်းမရ မဖြစ်မီ စောစီးစွာ သိရှိရန် လုပ်ကိုင်ဖို့လိုသည်။ စိတ်ထဲတွင် အလျင်စလိုဖြစ်မှု များပြားနေခြင်းကို သတိထားမိလျှင် ကိုယ့်ဘာသာ အရှိန် လျှော့ပြီး ပုံမှန်ဖြစ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း သိသာရ မည် ဖြစ်ပေသည်။ (စာ-၅၃)


နားလည်အောင် ပထမ ကြိုးစားပါ

ပထမဦးစွာ နားလည်အောင် ကြိုးစားပါဟူသော အချက်မှာ အခြားသူများအပေါ် မိမိက ပိုမို၍ စိတ်ဝင်စား ကာ နားလည်သဘောပေါက်ထားရန် လိုအပ်ချက် ဖြစ် သည်။ အခြားသူများက ကိုယ့်ကို နားလည်ဖို့ ဦးစားပေး ပြုလုပ်ရမည် မဟုတ်ပါ။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အရည်အသွေးရှိသော၊ ဆက်ဆံမှု ပြည့်ဝသော၊ မိမိ နှစ်သက်သည့်၊ လိုအပ်သည့် ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ လူများအား သူတို့ ဘယ်ကလာသည်၊ ဘာကို ထုတ်ဖော်လိုသော ဆန္ဒရှိ သည်၊ သူတို့မှာ ဘာအရေးကြီးသည်ဟူသော အချက်ကို သိရှိထားပါက သူတို့အကြောင်းကို မိမိက အလိုလို နားလည်သဘောပေါက်လာလိမ့်မည်။ သူတို့နှင့် ဆက်ဆံ ရာ၌လည်း အဆင်ပြေလိမ့်မည်။ (စာ-၇၅)

ကောင်းစွာ နားထောင်တတ်သူ ဖြစ်ပါစေ

စကားဆုံးအောင် နားမထောင်တတ်သော အလေ့အထ သည် ကျွန်ုပ်တို့၏ နေထိုင်မှုဘဝ အလေ့အထနှင့် သွား၍ ဆင်တူသည်။ ကျွန်ုပ်တို့သည် စကားပြောဆို ဆက်ဆံရ သော အလုပ်ကို ပြိုင်ပွဲဝင်ရသကဲ့သို့ မကြာခဏပြုလေ့ရှိ သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ တစ်ဖက်လူ ပြောစကား၏ အဆုံးနှင့် မိမိပြောလိုသော စကား၏ အစတို့ အကြား၌ အချိန်အလွတ် အအားမထား ဖို့ကို ရည်စူးထားသကဲ့သို့ နီးပါးဖြစ်နေ၏။ (စာ-၇၉)

အပြစ်ကင်းစင်မှုကို ရှာကြည့်ပါ

အပြစ်ကင်းစင်ခြင်းကို ကြည့်တတ်မှုသည် ကိုယ် မကြိုက်သော ကိစ္စကို အခြားသူတို့ ပြုလုပ်နေသည့် အတွက် ကိုယ်ကလည်း အခြားသူတို့မကြိုက်သည့်လုပ်ရပ် များကို မပြုလုပ်မိရန် သင်ခန်းစာ ယူဖို့ သဘောဖြစ်သည်။ ထို့ကြောင့် ထိုအကျင့်စရိုက်တို့ မည်သို့မည်ပုံ ဖြစ်လာသည် ကို ခြေရာခံ၍ ကြည့်နိုင်သည်။ ထိုသို့သဘောထားနိုင်လျှင် ကျွန်ုပ်တို့မှာ ကရုဏာထားတတ်သူများအဖြစ် ပြောင်းလဲ ၍ သွားနိုင်သည်။ (စာ- ၁၀၁ + ၁၀၂)


စာရေးဆရာကြီး မောင်ဆုရှင်၏ အသေးအမွှား အရေး မထားဖို့ နည်းလမ်း၁၀၀ စာအုပ်ထဲမှ ကျွန်တော် အနှစ်သက် ဆုံးစာစုအချို့ကို အထက်ပါအတိုင်း ကောက်နုတ်တင် ဆက်ခြင်းမျှသာ ဖြစ်ပါသည်။ နည်းလမ်း ၁၀၀ထဲမှ ကျန်ရှိ သော စာရှုသူ၏ အကြိုက်များကိုရွေးထုတ်၍ ဆက်လက် ဖတ်ရှုနိုင်ပါသည်။ ခဏသာ ဖတ်ရမည်မဟုတ်။ ရေရှည် ဆောင်ထားရမည့် စာအုပ်ပါ။

မောင်ဆုရှင်
စာရေးဆရာကြီး မောင်ဆုရှင်ကို မိတ်ဆက်ပေးရန်ပင် မလိုပါ။ မြန်မာစာပေလောက၏ ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့်ဖြစ်သည်ကို အများအသိဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်သို့ ဝင်ရောက် တာဝန်ထမ်းဆောင် ပြီး ထိုနှစ်တွင်ပင် ရှုမဝမဂ္ဂဇင်း၊ သင့်ဘဝမဂ္ဂဇင်းတို့၌ အောင်သူ၊ မျိုးသန့်၊ မဟာမိ၊ ဝင်းသန့်၊ ဦးဘခန့် စသည့် ကလောင်ကွဲများဖြင့်လည်း ဝတ္ထုတိုနှင့် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။မြတ်ဘုရားရွှေတိဂုံနီသော လင်းယုန် အင်္ဂလိပ်-မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များစိတ်ပျိုကိုယ်ကျန်းမာမြို့ပြခံစားမှုစာမွန်များ၂၀ ရာစု သုတကမ္ဘာကမ္ဘာမြေကြွေမှာစိုးသူများနှင့် ၂၁ ရာစု လူမှုဘဝဝေါဟာရများ (၆)တွဲအသေးအမွှား အရေး မထားဖို့ နည်းလမ်း (၁၀၀)မိုးကောင်းကင်ကို မော့ကြည့် ခြင်းစာရေးသူလက်စွဲအကောင်းမြင်စိတ်စွမ်းအားပျော်ရွှင်သုခတစ်ဘဝနေ့စဉ်စိတ်ချမ်းသာဖို့ နည်းလမ်း (၉)သွယ်စသည့် စာအုပ်များ ပြုစုခဲ့သည်။


၁၉၆၇ ခုနှစ်တွင် အမျိုးသားစာပေဆု (သုတပဒေသာ ဆု) ကို တီထွင်မှုများ သမိုင်းစာအုပ်ဖြင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်ဆု) ကို ပင်လယ်ပြာနှင့်တံငါအို စာအုပ်ဖြင့် လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး များလှစွာသော စာပေ တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ စွယ်စုံရ စာရေးဆရာ မောင်ဆုရှင် (၁၉၃၂-၂၀၀၉) အား စာပေ ချစ်သူအပေါင်းက လေးစားချစ်ခင် ကြည်ညိုရသော နိုင်ငံကိုယ်စားပြု စာပေပညာရှင်ကြီးအဖြစ် ယနေ့တိုင် အောက်မေ့တမ်းတ သတိရလျက်ရှိပါသည်။

နိဂုံး
အသေးအမွှား အရေးမထားဖို့ နည်းလမ်း (၁၀၀)စာအုပ်ထဲမှ မည်သည့်နည်းလမ်းကို စာရှုသူ ရွေးထုတ် ကျင့်သုံးပါမည်လဲ။ အလင်းနှင့် အမှောင်၊ အဖြူနှင့်အမည်း၊ အကောင်းနှင့် အဆိုးကို ရွေးချယ်၊ သုံးသပ်ဆုံးဖြတ်နိုင်ကြ ပါစေကြောင်း . . .