ရေး စက်တင်ဘာ ၁၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဓမ္မစကူးလ် အပတ်စဉ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့နယ် မရမ်းကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို ရေးမြို့နယ် မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင် ပညာဇောတက ဖွင့်လှစ်ပေးပြီး ရေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦး၊ ရေးမြို့နယ် (ခေတ္တ)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ သင်တန်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၅၅၀ အား နည်းပြဆရာမ ၂၀ တို့က အပတ်စဉ်တနင်္ဂနွေနေ့ နံနက် ၇ နာရီခွဲမှ ၁၀ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


