နေပြည်တော် အောက်တိုဘာ ၁၂
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု (ONLINE SCAM)များ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင် လုံးဝပပျောက်သွားစေရေး အထူးအလေးထားနှိမ်နင်းလျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင် ဖြိုချ ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိ သူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ၁၃ ထပ်အဆောက်အအုံ တစ်လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ ကြောင်းနှင့် ငါးထပ်အဆောက်အအုံ နှစ်လုံးအား ယာဉ်ယန္တရားများဖြင့် စနစ်တကျဆက်လက်ဖြိုချ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရား များဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးရမည့် အဆောက်အအုံများအနက် ငါးထပ်အဆောက်အအုံတစ်လုံးမှာ ဖြိုချဖျက်ဆီးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး ထပ်မံ၍ ငါးထပ်အဆောက်အအုံတစ်လုံးမှာ ၂၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရ သည်။ ထို့ပြင် ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် ၁၃ ထပ် အဆောက်အအုံတစ်လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲ၍ အလုံးစုံဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ဖျက်ဆီးရန်ကျန် အဆောက်အအုံများအား စနစ်တကျ ဆက်လက်၍ဖြိုချဖျက်ဆီးသွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


