ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီး

နေပြည်တော် အောက်တိုဘာ ၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်း များ လုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံ ၆၃၅ လုံးအား အပိုင်း ၃ ပိုင်းခွဲ၍ လည်းကောင်း၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံ ၁၄၀ လုံးအနက် ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား လည်းကောင်း စနစ်တကျ ဖြိုချ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့် မလွတ်ကင်း၍ လူအင်အား အသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ပြီး စနစ်တကျ ထပ်မံ ဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာ ၆ ရက်နေ့မှစ၍ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချ ဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီး ခဲ့ရာ ယနေ့အထိ ၆၅ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်းနှင့် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၆ ထပ် အဆောက်အအုံ ၁ လုံးအား ယနေ့ တွင် စနစ်တကျ ဖြိုချဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေ ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့် အဆောက်အအုံများအား အမြန်ဆုံး ဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၁၀၀