ရွှေကျင် အောက်တိုဘာ ၂၇
ရွှေကျင်မြို့နယ်တွင် (၁၇၅)နှစ်မြောက် သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်၏ ရေပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေကျင်မြို့ ပျဉ်းမပင်ရပ်ကွက် ချောင်းဘေးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။ မီးမျှောပူဇော်ပွဲ၏ ရေပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ရှင်ဥပဂုတ္တမထေရ်မြတ် ကိန်းဝပ်စံပယ်တော်မူသည့် ကရဝိက်ဖောင်တော်ကို လှော်ကားတော်ကြီးလှေဦးဆောင်၍ မင်္ဂလာစည်တော်ကြီးဖောင်၊ ဓမ္မစကြာအဖွဲ့များဖောင်တို့က ပင့်ဆောင်ပူဇော်ပြီး ဗဟိုမဏ္ဍပ်ရှေ့၌ စည်တော်ရေယာဉ်၊ လှော်ကားတော်ကြီးရေယာဉ်၊ ရွှေကျင်မြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ ဝင်ရောက်ယှဉ်ပြိုင်သည့် တက်ခုတ်တက်ပျံယိမ်းအကအဖွဲ့များ ဖျော်ဖြေခြင်း၊ အကဲဖြတ်မဏ္ဍပ်၌ ပြိုင်ပွဲဝင် တက်ခုတ်တက်ပျံယိမ်းအကအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခြင်းများဖြင့် တစ်နေ့တာလုံး ရွှေကျင်ချောင်းအတွင်း ဆင်နွှဲခဲ့ကြပြီး ကြိုးစားယှဉ်ပြိုင်သူ တက်ခုတ်တက်ပျံ ယိမ်းအကအဖွဲ့များကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ညနေ ၆ နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ရွှေကျင်မြစ်အတွင်း ရောင်စုံမီးကြာခွက်များဖြင့် မီးမျှောပူဇော်ပွဲ ကျင်းပရာ ဒေသခံပြည်သူများနှင့် ပွဲတော်လာပရိသတ်များက မီးမျှောပူဇော်ကြသည်။၂၀၁၉ ခုနှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိသည့် အဆိုပါမီးမျှောပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ရာ ယနေ့တွင် ဒေသခံများနှင့်ပွဲတော်လာပရိသတ် သောင်းနှင့်ချီကာ ကမ်းလုံးပြည့် လာရောက်အားပေးကြည့်ရှု ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ပိန်းဇလုပ် - သိန်းညွန့်


