မြန်မာနိုင်ငံသည် ရေချိုအရင်းအမြစ်ပေါများ၍ ရေသယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာတို့ ရေကို ပေါပေါသီသီသုံးစွဲခဲ့ကြသည်။ ရေသည်သုံး၍မကုန်၊ ဖြုန်း၍မခန်းသော တန်ဖိုးကင်းမဲ့သည့်အရာမဟုတ်သည်ကို မေ့ထားခဲ့ကြသည်။
ကိန်းဂဏန်းအချက်အလက်များအရလည်း မြန်မာနိုင်ငံသည် ကမ္ဘာ့ရေချိုပိုင်ဆိုင်မှုတွင် အဆင့် ၁၄ နေရာ၌ရှိပြီး တစ်ကမ္ဘာလုံးရှိ ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ယင်းပမာဏသည် အာရှတိုက်တစ်တိုက်လုံး ရေချိုပိုင်ဆိုင်မှု၏ ၁၂ ရာခိုင်နှုန်းရှိပြီး အရှေ့တောင်အာရှနိုင်ငံများ၏ ၁၆ ရာခိုင်နှုန်းရှိသည်။ နိုင်ငံအတွင်းရှိ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသည့် အဓိကမြစ်ကြီးလေးစင်းနှင့် အဆိုပါမြစ်ကြီးများသို့ စီးဝင်သည့်မြစ်များ၊ ချောင်းများ၊ သဘာဝအင်းအိုင်များနှင့် စိမ့်စမ်းရေထွက်များသည် နိုင်ငံ၏ရေအရင်းအမြစ်များပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ထုတ်ယူသုံးစွဲနေသည့် ရေချိုပမာဏ စုစုပေါင်းအနက် ၈၉ ရာခိုင်နှုန်းကို စိုက်ပျိုးရေးကဏ္ဍက သုံးစွဲနေခြင်းဖြစ်ပြီး မြို့ပြနှင့်ကျေးလက်ဒေသ လူနေအိမ်ခြေသုံးစွဲမှုများက ၁ဝ ရာခိုင်နှုန်းခန့်ကိုလည်းကောင်း၊ စက်ရုံအလုပ်ရုံများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍက ၁ ရာခိုင်နှုန်းကိုလည်းကောင်း သုံးစွဲနေခြင်းဖြစ်သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ ရေအရင်း အမြစ်အမြောက်အမြားကို လယ်ယာစိုက်ပျိုးရေးအတွက် သုံးစွဲနေခြင်းဖြစ်ပြီး သုံးစွဲနေသည့် ရေပမာဏ၏ ၉၁ ရာခိုင်နှုန်းခန့်ကို မျက်နှာပြင် ရေ (မြစ်၊ ချောင်း၊ အင်းအိုင်)မှ ရယူခြင်းဖြစ်၍ ကျန် ၉ ရာခိုင်နှုန်းခန့်ကို မြေအောက်ရေမှ ထုတ်ယူသုံးစွဲနေခြင်းဖြစ်သည်။
လက်ရှိအချိန်ကာလသည် စူပါအယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နေချိန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ရာသီဥတုနှင့် ရေအရင်းအမြစ်တို့အပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် (WMO) နှင့် နိုင်ငံတကာ မိုးလေ၀သစင်တာများ၏ ထုတ်ပြန်ချက်များအရ ယခုနှစ်နှောင်းပိုင်း နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့သည် စူပါအယ်လ်နီညိုဖြစ်စဉ် အားအကောင်းဆုံးအခြေအနေ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေဖြင့် ကုန်းတွင်းပိုင်း ရေခန်းခြောက်မှုနှင့် ရေရှားပါးမှု၊ မြစ်ရေနှင့်မြေအောက်ရေ လျင်မြန်စွာကျဆင်းမှု၊ သောက်သုံးရေပြတ်လပ်မှု စသည့်စိန်ခေါ်မှုများ ဖြစ်ပေါ် လာနိုင်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် ဆောင်းသီးနှံနှင့် လာမည့် နွေသီးနှံများအတွက် စိုက်ပျိုးရေမလုံလောက်မှု၊ သီးနှံအထွက်နှုန်းကျဆင်းမှုများနှင့် ရင်ဆိုင်ရနိုင်သည်။ ရေလှောင်တမံများနှင့် ဆည်များတွင် ရေဝင်ရောက်မှုနည်းပါးသွားခြင်းကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုလျော့ကျကာ ဓာတ်အားပြတ်တောက်မှုနှင့် မြို့ပြရေပြတ်လပ်မှုတို့ကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်သည်။
မြန်မာနိုင်ငံတွင် ရေသုံးစွဲမှု၏ ၈၉ ရာခိုင်နှုန်းကို စိုက်ပျိုးရေးတွင် အသုံးပြုနေခြင်းဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍ၌ ရေချွေတာသုံးစွဲခြင်းက နိုင်ငံ၏ ရေအရင်းအမြစ်ကို ထိရောက်စွာကာကွယ်နိုင်သည်။ စပါးစိုက်ပျိုးရာတွင် အစိုတစ်လှည့် အခြောက်တစ်လှည့် ရေသွင်းစနစ်ကို သုံးစွဲခြင်းဖြင့် စပါးအထွက်နှုန်းမထိခိုက်စေဘဲ ရေကို ၃၀ ရာခိုင်နှုန်း ကျော်အထိ ချွေတာနိုင်သည်။ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးရာတွင် အစက်ချနှင့် ရေမှုန်ဖျန်းစနစ်ကို အသုံးပြုခြင်းဖြင့် ရေငွေ့ပြန်မှုကိုလျှော့ချပြီး ရေကို ၅၀ ရာခိုင်နှုန်းကျော် သက်သာစေသည်။ အပင်ခြေရေငွေ့ပြန်မှုကိုတားဆီးရန် ကောက်ရိုး၊ မြက်ခြောက်၊ သစ်ရွက်ခြောက် သို့မဟုတ် စိုက်ပျိုးရေးသုံးပလတ်စတစ်စများဖြင့် မြေဆီလွှာကိုဖုံးအုပ်ပေးခြင်းက မြေအစိုဓာတ်ကို ကြာရှည်ထိန်းပေး နိုင်သည်။ စိုက်ပျိုးရေးခြံများတွင် မိုးရေစုကန်ငယ်များ ပြုလုပ်ထားခြင်း၊ လူနေအိမ်များမှ သုံးစွဲပြီးထွက်လာသည့် (ဆပ်ပြာဓာတ်နည်းသော) ရေဆိုးများကို စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးချခြင်း၊ အယ်လ်နီညိုကြောင့် ရေပြတ်လပ်မည့်ရာသီများတွင် ရေအများ အပြားလိုအပ်သည့် စပါးသီးနှံအစား ရေလိုအပ်ချက်နည်းပြီး မိုးခေါင်ဒဏ်ခံနိုင်သော နှမ်း၊ ပဲ၊ ပြောင်း စသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးသင့်သည်။
အိမ်ထောင်စုအလိုက် ရေချွေတာရေးအတွက် ရေချိုးစဉ်/ သွားတိုက်မျက်နှာသစ်စဉ် ရေပိုက်ကိုဖွင့်မထားဘဲ ပိတ်ထားခြင်း၊ ပန်းကန်ဆေးရာတွင် ရေဖွင့်၍ တစ်ချပ်ချင်းမဆေးဘဲ ဇလုံကြီးတစ်ခု တွင် ရေထည့်၍စုဆေးခြင်း၊ အဝတ်လျှော်စက်ကို အဝတ်ပမာဏ အပြည့်ရှိမှသာ မောင်းနှင်လျှော်ဖွပ်ခြင်း၊ မီးဖိုချောင်သုံးဆန်ဆေးရေ၊ အသီးအရွက်ဆေးရေများကို သွန်မပစ်ဘဲ ပုံးဖြင့်စုဆောင်းကာ အိမ်ရှိ ပန်းအိုးများနှင့် အပင်များကိုလောင်းခြင်း၊ အဝတ်လျှော်ပြီးနောက် ထွက်လာသည့် နောက်ဆုံးရေကို အိမ်သာလောင်းခြင်း၊ ကြမ်းပြင်ဆေးရာတွင်အသုံးပြုခြင်းဖြင့် စေ့စပ်စွာချွေတာကြရန်နှင့် အိမ်ရှိရေပိုက်များ၊ ပိုက်ခေါင်းများ၊ ရေစည်များယိုစိမ့်နေပါက ပြုပြင်ရန် လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
သောက်သုံးရေသည် အဖိုးတန်သယံဇာတတစ်ခုဖြစ်ရာ အယ်လ်နီညိုကာလ၌သာမက မည်သည့်အချိန်အခါတွင်မဆို အလေအလွင့်များပြားစွာ မပြုန်းတီးစေဘဲ တန်ဖိုးထား စနစ်တကျ ချွေတာသုံးစွဲကြရပါမည့်အကြောင်း။ ။


