ရေကြောင်းအချက်ပြစနစ်သစ် နှင့် ရန်ကုန်မြစ်

ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရသော်ငြားလည်း မြို့တော်ရန်ကုန်က မိမိ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ရပ်တန့်မနေခဲ့ပေ။ နိုင်ငံ၏ ပင်မစီးပွားရေးမြို့တော် ကြီးဖြစ်သောကြောင့် ရန်ကုန်၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံရပ်ခြားနှင့် ကုန်သွယ်မှုပြုရာတွင် လမ်းပန်းဆက်သွယ်နိုင်မှုသည် အဓိက အရေးပါ လှသည်။ ရန်ကုန်မြို့တော်နှင့် ပြည်ပနိုင်ငံများ ကုန်သွယ်မှုပြုရာတွင် မော်တော်ယာဉ်လမ်းများ၊ လေကြောင်းခရီးလမ်းများနှင့် ရေလမ်းခရီးတို့ကို အသုံးပြုလျက်ရှိရာ နိုင်ငံ၏ သွင်းကုန် ၉၀ ရာခိုင်နှုန်း ကျော်သည် ရေလမ်းခရီးကို အသုံးပြုကာ ဝင်ရောက်လျက်ရှိသည်။


ပြည်တွင်း၌ ထုတ်လုပ်ပြီးသော ထုတ်ကုန် များကို ဈေးကွက်သို့ အချိန်မီဖြန့်ဖြူးရောင်းချ နိုင်ရေးအတွက် ကောင်းမွန်သော လမ်းပန်း ဆက်သွယ်မှု လိုအပ်သည်။ ကားလမ်းခရီး၊ လေကြောင်းနှင့် ရေလမ်းခရီးအသုံးပြုမှု များစွာအနက် ရေလမ်းခရီးသည် ကုန်တန်ချိန် မြောက်မြားစွာကို ကုန်ကျစရိတ်သက်သာစွာ ဖြင့် သယ်ယူပို့ဆောင်မှု ပြုလုပ်နိုင်သည်။ မြို့တော်ရန်ကုန်မှ ပြည်ပသို့ ထုတ်ကုန်များ ပို့ဆောင်နိုင်ရန်၊ ပြည်တွင်းသို့ သွင်းကုန်များ တင်ပို့ရေးတွင် ရန်ကုန်မြစ်သည် အဓိက ကျသောနေရာမှ ပါဝင်သည်။


ကုန်စည်အတင်အချ ပြုလုပ်


နိုင်ငံတကာ ပို့ကုန်/ သွင်းကုန်များကို သယ်ဆောင်ပေးလျက်ရှိသော ပင်လယ်ကူးသင်္ဘောကြီးများသည် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားကာ ကုန်စည်အတင်အချ ပြုလုပ်ကြသည်။ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်နိုင်ရေးအတွက် ပင်လယ်ဝမှ ရန်ကုန်မြစ်ကြောင်းကို အသုံးပြုကာ ဝင်ထွက်သွားလာကြရသည်။ နိုင်ငံတကာပင်လယ်ကူး သင်္ဘောကြီးများ အဝင်အထွက်အသုံးပြုနေသည့် မြစ်တစ်စင်းဖြစ်သည့်အတွက် မြစ်အတွင်းရှိ အချက်ပြ အမှတ်အသားများကိုလည်း နိုင်ငံတကာအဆင့်သို့ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။ နှစ်ကာလ ကြာမြင့်မှုနှင့် ရာသီဥတုဒဏ်တို့ကြောင့် မြစ်အတွင်း ယခင်အသုံးပြုလျက် ရှိသော အချက်ပြ အမှတ်အသားများမှာ ခေတ်နှင့်မလျော်ညီသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ အစားထိုး အသုံးပြုရန် လိုအပ်နေသည့်ကာလဖြစ်သည်။

 

လွန်ခဲ့သော ရက်ပိုင်းများအတွင်းက မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကာ ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့စေရန် ရေကြောင်း အချက်ပြဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။


လေ့လာဆန်းစစ်မှုများပြုလုပ်


ရန်ကုန်မြစ်အတွင်း ရေကြောင်းအချက်ပြဆိုင်ရာများ အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၇ ခုနှစ်မှစတင်ကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ လေ့လာမှုပြုလုပ်ရာတွင် မြစ်ကြောင်းအတွင်းရှိ ရေကြောင်းအထောက်အကူပြုအမှတ်အသားများ၊ မြစ်ကမ်းစပ်ကုန်းပေါ်မှ အချက်ပြအမှတ်အသား များအပြင် ဒီရေအတက်အကျ ခန့်မှန်း တွက်ချက်မှုများ လုပ်ဆောင်နိုင်ရန်တို့ကို လေ့လာခဲ့ကြသည်။


ရေတိမ်မှုများဖြစ်ပေါ်လျက်ရှိ


ရန်ကုန်မြစ်ကြီးသည် ရန်ကုန်ဆိပ်ကမ်းမှ ပင်လယ်ဝအထိ ရေမိုင် ၄၂ မိုင် ကွာဝေးပြီး ရန်ကုန် ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သော်လည်း ရေနက်ဆိပ်ကမ်းတစ်ခုမဟုတ်ဘဲ ရန်ကုန်မြစ်ပေါ်တွင် အခြေခံတည်ဆောက်ထားသည့် မြစ်ဆိပ်ကမ်းတစ်ခုသာဖြစ်သည်။ မြစ်တို့၏ သဘောသဘာဝအရ ပင်လယ်ကဲ့သို့ ပုံမှန်ရေအနက်ရှိသည် မဟုတ်ဘဲ အကွေ့အကောက်များ၊ ချောင်းခွဲ မြောင်းခွဲများရှိသည့်အတွက် နုန်းအနည်ထိုင်မှုများရှိပြီး ရေတိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြည်ပကုန်တင်သင်္ဘောကြီးများသည် ကုန်တန်ချိန်မြောက်မြားစွာ တင်ဆောင်နိုင် သော အလျားရှည်သ င်္ဘောကြီးများဖြစ်သည့်အတွက် မြစ်များတွင် အကွေ့အကောက်၊ အချိုးအကွေ့၊ မြစ်ကျဉ်းများ၌ ချိုးကွေ့ရာတွင် မလွယ်ကူတတ်ပေ။ ရေစူး (ခေါ်) ရေအနက်ပေ မလုံလောက်ပါက သင်္ဘောဝင်ထွက်၍ မရပေ။ ရန်ကုန်မြစ်တွင် ရေစူး ၉ မီတာအနက်အထိ ခွင့်ပြုပေးထားသည်။


အခက်အခဲတစ်ခုသာဖြစ်


မြစ်တို့၏ သဘောသဘာဝအရ ရေတိမ်မှုများဖြစ်တတ်ပြီး အတွင်းစည်းခုံ၊ အပြင်စည်းခုံ ဟူ၍ နှစ်မျိုးဖြစ်တတ်သည်။ ချောင်းများ မြောင်းများနှင့် ဆုံတတ်သော မြစ်အတွင်းပိုင်း ရေဆုံသောနေရာတွင် ဝဲလည်ကာ နုန်းများ အနည်ထိုင်၍ အတွင်းစည်းခုံဖြစ်တတ်ကာ ပင်လယ်ဝတွင် ပင်လယ်ရေနှင့် မြစ်ရေ ဆုံတွေ့ ပြီး အပြင်စည်းခုံဖြစ်တတ်သော သဘောသဘာဝရှိသည်။ ထို့ကြောင့် အတွင်းစည်းခုံတွင် သောင်တစ်ခါဖြစ်ပြီး အပြင်စည်းခုံတွင် သောင်တစ်ခါဖြစ်တတ်သည်။ မြစ်ကြောင်းတစ်လျှောက် သောင်ဖြစ်မှုများသည် မြစ်အတွင်း၌ရှိသော ဆိပ်ကမ်းတိုင်းတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲ တစ်ခုသာဖြစ်သည်။


ရန်ကုန်ဆိပ်ကမ်း၌လည်း အပြင်စည်းခုံနှင့် အတွင်းစည်းခုံဟူ၍ နှစ်နေရာရှိသည့်အနက် အပြင် စည်းခုံသည် ပင်လယ်ဝတွင်ရှိပြီး အတွင်းစည်းခုံသည် ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်တို့၏ ရေစီးကြောင်း သုံးနေရာဆုံရာ သန်လျက်စွန်း (Monkey Point) နေရာတွင် တည်ရှိနေသည်။


အမှတ်အသားများသတ်မှတ်


ရန်ကုန်မြစ်သည် မြစ်ပြင်ကျယ်တိုင်း ရေစူးအနက်ရှိသည်မဟုတ်ဘဲ ရေအနက် ရှိသည့်နေရာမှသာ သင်္ဘောကြီးများ သွားလာရန် အမှတ်အသားများ သတ်မှတ်ပေးရလေ့ရှိသည်။

 

စံညွှန်းအမီ ပြုပြင်ထိန်းသိမ်းမှု


ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ မီးပြတိုက်အဖွဲ့ချုပ်၏ နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စံနှုန်း များအတိုင်း (IALA Chart A) ဝင်ရောက်လာသော သင်္ဘော၏ ဝဲဘက်တွင် မီးအနီရောင် (ရေကြောင်းပြဗော်ယာ အနီရောင်) သတ်မှတ် ပြီး ယာဘက်တွင် မီးအစိမ်းရောင် (ရေကြောင်းပြဗော်ယာ အစိမ်းရောင်)ထားရှိ၍ သင်္ဘော ဝင်ရောက် ရမည့်လမ်းကို သတ်မှတ်ထားခဲ့သည်။ သို့သော် နှစ်ကာလကြာမြင့်လာသည့်အတွက် ရေကြောင်းပြ ဗော်ယာများ ဟောင်းနွမ်းပျက်စီးလာခဲ့သည်။ နိုင်ငံတကာစံချိန်စံညွှန်းအမီ ပြုပြင်ထိန်းသိမ်းမှု စရိတ်ကလည်း ကြီးမြင့်လာခဲ့သည်။


နိုင်ငံတကာတွင် အချက်ပြစနစ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သည့်အနေဖြင့် ရေကြောင်းပြ ဗော်ယာအနီတွင် ဆလင်ဒါပုံနှင့် ဗော်ယာအစိမ်းပေါ်တွင် ကတော့ပုံများ ထပ်မံ တပ်ဆင်ရန် သတ်မှတ် ခဲ့ကြသည်။ ထို့ကြောင့် ရန်ကုန်မြစ်အတွင်းရှိ ရေကြောင်းပြအမှတ် အသားများတွင်လည်း ယင်းစနစ်များ တပ်ဆင် ရန် လိုအပ်လာခဲ့သည်။


ရေတိုင်းမှတ်အသစ်တည်ဆောက်


JICA ၏ ရေကြောင်းအချက်ပြဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအစီအစဉ်တွင် နှစ်ကာလ နှင့် ရာသီဥတု ဒဏ်ကြောင့် ပျက်စီးနေပြီး သစ်ပင်ကြီးများ အုံ့ဆိုင်းခြင်းကြောင့် ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရမှု မရှိတော့သော ရန်ကုန်မြစ်ကမ်းနဖူးများရှိ ရေကြောင်းပြအမှတ်အသားများ၊ ရေလမ်းကြောင်းများ မှားယွင်း မဝင်ရောက်မိစေရေးအတွက် ရေကြောင်းအချက်ပြမီးများ၊ မြစ်တွင်းဒီရေ အတက်အကျ တိုင်းတာခန့်မှန်းနိုင်ရေးအတွက် Monkey Point ရှိ ရေတိုင်းမှတ် နဂိုရှိရင်းစွဲအား အကြီးစား ပြင်ဆင်ခြင်းနှင့် ပင်လယ်ဝ Elephant Point ရှိ ရေတိုင်းမှတ် အသစ် တည်ဆောက်ခြင်းများ ပါဝင်သည်။


ထို့ကြောင့်ပင် နိုင်ငံတကာရေကြောင်း အချက်ပြအမှတ်အသား စုံလင်စွာဖြင့် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာမည့် ရန်ကုန်မြစ်ကို တစ်မူထူးခြားစွာဖြင့် မကြာမီကာလအတွင်း တွေ့မြင်ကြရဦးမည် ဖြစ်သည်။        ။

 

ရှင်နော်