ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျင်းပ

စစ်တွေ အောက်တိုဘာ ၂၂

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရိဝုဏ်၌ ကျင်းပသည်။

 

ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲတွင် သံဃာတော် အရှင်သူမြတ်များက ရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေ က အနေကဇာတင်ပူဇော်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများနှင့် ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

အနေကဇာတင်ပွဲအပြီးတွင် စေတီတော်မြတ်ကြီး ရင်ပြင်နှင့်အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

တင်ထွန်း(ပြန်/ဆက်)