ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ် (၁၇၅)လုံး လွှဲပြောင်းပေးအပ်ပွဲတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် မိန့်ခွန်း

နေပြည်တော်  ၁ နိုဝင်ဘာ

 

ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရေတာရှည်မြို့နယ်၊ သိုင်းဝ ကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာသစ်၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲနှုတ်သီးကျိုးပျက်မှုကြောင့် ဆည်ရေလွှမ်း မိုးမှုဖြစ်ပေါ်ခဲ့ပြီး ကျွန်းတောစုကျေးရွာကို ကျေးရွာအသစ် တည်ဆောက်ရာတွင် နေအိမ် (၁၇၅) လုံးအနက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့က (၁၃)လုံး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ဒေသခံပြည်သူများထံသို့ ဆောက်လုပ်လှူဒါန်း လွှဲပြောင်းပေးအပ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

 

၂၀၁၈ ခုနှစ်အတွင်းတွင် ပဲခူးတိုင်းဒေသကြီးသည် ရေဘေးဒဏ်ကိုခံစားရ ပြီးနောက် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲနှုတ်သီး ကျိုးပျက်မှုကြောင့် ဖြစ်ပွားသည့် ရေဘေးကို ထပ်မံခံစားခဲ့ရပါကြောင်း၊ အဆိုပါ ရေဘေးကြောင့် နေအိမ်များ ပြိုလဲ မျောပါခြင်း၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခြင်းများကို ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချက်ချင်းသွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင် အမြန်တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက်  ဘေးသင့်ဒေသများအမြန်ပြန်လည်ထူ ထောင် ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်တွင် ထပ်မံဖွဲ့စည်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင် အမြန်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

 

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ပြိုလဲမျောပါခဲ့သည့်နေအိမ်(၁၈၅)လုံးအတွက် နေအိမ် များ ပြန်လည်ဆောက်နိုင်ရေး အိမ်ဆောက်ပစ္စည်းဖိုးနှင့် အမိုးသွပ်များ ထောက်ပံ့ပေးခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ရေမျောပျက်စီးခဲ့သည့် စိုက်ပျိုးမြေများအတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးနှင့် အခြားသီးနှံများ ထောက်ပံ့ပေးခြင်း၊ သဲဖုံးခဲ့သည့် လယ်ယာမြေများ ပြန်လည်ဖေါ်ထုတ်နိုင်ရေးအတွက် ထောက်ပံ့ပေးခြင်း စသည်တို့ကို လျင်လျင်မြန်မြန် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုးမြေများကို အမြန်ဆုံးပြန်လည်ဖေါ်ထုတ် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက် ခံစားရရန် အလွန်လွယ်ကူသည့် အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝ ဘေးအမျိုးအစားမှာလည်း စုံလင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ဒေသတွင်း နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံအတွင်းတွင်လည်း ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရန် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဒုတိယသမ္မတအဆင့်က ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းခဲ့ပါကြောင်း။

 

အမျိုးသားကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကိုထပ်မံ ဖွဲ့စည်း ထားပြီး တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အသီးသီးတွင်လည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နေ ခြင်းဖြစ် ပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုအဆင့်တွင် ရှိသည့် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့် ကော်မတီ အသီးသီးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေပါကြောင်း။

 

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင် ရွက်နိုင်ရန် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးလုပ်ငန်း စီမံချက် (MAPDRR)ကို ရေးဆွဲထားပြီးဖြစ်သည့် အတွက် ဦးစားပေး လုပ်ငန်း၏ ပင်မ မဏ္ဍိုင်(၁) ကဏ္ဍခွဲ(၁-၄)တွင် ယနေ့အခမ်းအနားနှင့်ကိုက်ညီသည့် အချက်ဖြစ်သော မြန်မာနိုင်ငံရှိ ရေကာတာများနှင့် ရေလှောင်တမံများ၏ အန္တရာယ်ကင်း စိတ်ချရမှု အရေးကြီးသော အခြေခံအဆောက်အဦများ၊ အစိုးရအဆောက်အဦများ၊ အရေးပေါ်အခြေအနေတွင် အသက်များ ကယ်ဆယ်နိုင်ရေးအတွက် အရေးပါသော အဆောက်အအုံများအား ဆန်းစစ် လေ့လာခြင်းဟု ထည့်သွင်းဖော်ပြထားပါကြောင်း။

 

နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန် တစ်နိုင်ငံ လုံးတွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံများ အပါအဝင်အခြေခံ အဆောက်အဦများ၏ ခိုင်ခန့်မှုကို စနစ်တကျ ကြီးကြပ်စစ်ဆေးနေရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ပြည်သူများကိုယ်တိုင်ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်မှသာလျှင် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းတစ်ခု အမှန် တကယ်ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ဘေးဖြစ်ပြီးမှထောက်ပံ့ခြင်းထက် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကို ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ထားကြရန်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူများကို အိမ်(၁၇၅)လုံးပြန်လည် တည်ဆောက်ပေးရန်အတွက် မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ယနေ့ဆောက်လုပ်လှူဒါန်းမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)