ပုသိမ် ဩဂုတ် ၁၀
ရေဘေးသင့် ဒေသများတွင် ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်၊ စပါးပြန်လည်စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ထားရန်၊ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကို ကြိုတင်တွက်ချက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ကော်မတီများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိ မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတနာရှင်ပြည်သူများ လှူဒါန်းသည့် အလှူငွေများနှင့် လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၂၀၀ ကို လက်ခံ ရယူသည်။
အစည်းအဝေး အပြီးတွင် ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင် ကျောင်းတိုက်၌ ကျင်းပသည့် ရေကြည်မြို့နယ် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ရေဘေး အခြေအနေများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး ရေကြည် မြို့ မြို့မရပ်ကွက် မိတ္ထီလာရိုး ချောင်းအတွင်း ရေဝင်ရောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ ညနေပိုင်းကလည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း ကို မအူပင်မြို့ အမှတ်(၁)ရပ်ကွက် မြို့ရှောင်လမ်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များကို ထပ်ဆင့်ရှင်းလင်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


