ရောင်စုံဖူးပွင့်လှပနေသာ ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စားဆင်ယင်မှုဓလေ့များ

မင်းလပြည့်(ဟားခါး)

 

(၁၁-၁-၂၀၂၀ ရက်မှအဆက်)

 

နားများတွင် နားဖက်များကို ချိတ်ဆွဲကြသည်။ ကြေးနှင့် ပြုလုပ်ထားသော လက်ကောက် သို့မဟုတ် ပုတီးနှင့်ပြုလုပ်သော လက်ကောက်များကိုလည်း ဝတ်ဆင်ကြသည်။

 

မိန်းမများ ဆံထုံးထုံးပုံမှာ ယောက်ျားများကဲ့သို့ ဦးထိပ်တွင် မထုံးဘဲ နောက်စေ့ဘက်တွင် ထုံးလေ့ရှိသည်။ ထဘီများမှာ ဂျပ်ခုတ်ထည်ဖြစ်၍ တစ်နံသာလျှင်ရှိသောကြောင့် ဒူးအထိလောက်သာ ရှိသည်။ သင်တိုင်းမှာ ဂျပ်ခုတ်နှစ်ထည်ကို စပ်၍ချုပ်ထားသည်။ အချို့ စောင်ခြုံ၍ အချို့လည်း စောင်ကို ရင်ရှားထားကြသည်။

 

အဝတ်အစားကိုကြည့်၍ ခွဲခြားနိုင်

 

ပလက်ဝချင်းအမျိုးသားတို့အား အဝတ်အစားကိုကြည့်၍ ခွဲခြားနိုင်သည်။ ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်း စသော အမျိုးသား အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုများသည် တစ်ဦးနှင့် တစ်ဦး အနည်းငယ် ကွာခြားမှုရှိသော်လည်း သာမန်အားဖြင့် ခွဲခြား၍မသိနိုင်ပေ။ ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်း၊ မြို့စသော ချင်းအမျိုးသားများသည် အလျားသုံးတောင်၊ အနံတစ်တောင်၊ တောင်ဆုပ်ခန့်ရှိသော အဝတ်ရှည်စတစ်ခုကို ခါးတွင်စည်း၍နောက်ဖက်မှ ရှေ့သို့ ထုတ်ယူပြီး ငယ်ပါကိုဖုံးအုပ်ကာ အမြိတ်သဖွယ် ဖားလျားချထားသည်။ အရောင်မှာ အဖြူဖြစ်၍ အနီရောင်များကိုလည်း တချို့ ဝတ်ဆင်ကြသည်။ အဖြူရောင် ဝတ်သူများသာ များလေသည်။ သျှောင်ထုံး၊ ခေါင်းပေါင်းတို့ကို ကြည့်၍

ယောက်ျား၊ မိန်းမ ခွဲခြားသိနိုင်သည်။ ခမီအမျိုးသားများသည် ညောင်ကို တစောင်းထိုး၍ အနူး၊ ခေါင်စို အမျိုးသားကား ခေါင်းပေါင်းအဖြူကို ပေါင်းပြီး ဆံထုံးကို ထိပ်တည့်တည့်တွင် ထုံးထားသည်။ ပနမ်းအမျိုးသားများသည် ပိတ်ဖြူကိုပေါင်း၍ အမြိတ်ကို ဘယ်ဘက်တွင် ချထားသည်။

 

ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်း အမျိုးသမီးများအားလုံးသည် အလျားနှစ်တောင်၊ အနံတစ်တောင်လောက် ရှိသော ဂျပ်ခုတ်သင်တိုင်း ထဘီများကို ဝတ်ဆင်ကြသည်။ ခမီအမျိုးသမီးတို့၏ သင်တိုင်းသည် အဆင်သုံးမျိုးရှိ၍ အမျိုးမျိုးလှည့်၍ ဝတ်နိုင်သည်။ ခမီနှင့် ပနမ်း အမျိုးသမီးများသည် ဘယ်ခွဲဝတ်ဆင်၍ ထူးခြားချက်မှာ ခမီတို့တွင် ရှေ့အစကို နောက်အစက ဖုံး၍ ပနမ်းအမျိုးသမီးများတွင် နောက်အစကို ရှေ့ အစကထပ်၍ ဖုံးအုပ်ထားသည်။

 

အနူးတို့၏ သင်တိုင်းထဘီတွင် အလယ်မှကန့်လန့်စင်းများ အမြဲပါရှိသည်။ အနူး၊ ခေါင်စို အမျိုးသမီးများသည် သင်တိုင်းကို ညာဘက်တွင်ခွဲ၍ ထူးခြားချက်မှာ အနူးအမျိုးသမီးများက နောက်စကို ရှေ့စကဖုံးပြီး ခေါင်စိုတို့တွင်မူ ရှေ့စကို နောက်စက ဖုံးခြင်းပင်ဖြစ်သည်။ ဤသို့ ဆင်ယင်မှုကွာခြားပုံကို သေချာစွာကြည့်မှ သိရလေသည်။ အများအားဖြင့် ထဘီကို ဘယ်ဘက်ပေါင်တွင်ခွဲ၍ ဝတ်ဆင်ပါက အနူးနှင့် ခေါင်စိုဟု သိနိုင်လေသည်။ ထဘီကို ကွဲနေ သည့်နေရာတွင် အရှေ့မှ အထက်၊ နောက်မှ အထပ်ကလေးများကို သတိထား၍ ကြည့်နိုင်ပါက မည်သည့်အမျိုးနွယ်စုဖြစ်ကြောင်းကို သိနိုင်လေသည်။ သင်တိုင်းမှာ ဒူးကိုဖုံးခြင်းမရှိပေ။ ပနမ်းအမျိုးသမီးများ၏ သင်တိုင်းသည် အတိုဆုံး ဖြစ်လေသည်။ ခမီအမျိုးသမီးများမှာ အင်္ကျီဝတ်ဆင်ခြင်းမရှိဘဲ ရင်ဖုံးကိုစလွယ်ကဲ့သို့ သိုင်းထားလေ့ရှိကြသည်။

 

အနူးအမျိုးသမီးများသည် ရင်ဖုံးကို ညာစလွယ်သိုင်း၍ အစတစ်စသည်ဘယ်ချိုင်း၏ နောက်မှလျှိုကာ ဘယ်ဘက်ဘေးတွင် အခြားတစ်ဖက်မှ အစနှင့် ချည်နှောင်ထားသည်။ ခေါင်စိုအမျိုးသမီးများသည် ညာပခုံးမှကျသော ရင်ဖုံးစနှင့် ဘယ်ချိုင်းအောက်မှလာသော ရင်ဖုံးကိုညာဘက်ရင်သားပေါ်တွင် တည့်တည့်ချည်ထားသည်။ ယင်းတို့ကား အပျိုများနှင့် အိမ်ထောင်ရှိသော်လည်း ကလေးမရသေးသော အမျိုးသမီးများ ဝတ်ဆင်ပုံဖြစ်သည်။ အိမ်ထောင်သည် အမျိုးသမီးများကားရင်ကို တစ်စုံတစ်ရာမဖုံးမဖိဘဲ နဂိုအတိုင်းထားလေ့ရှိသည်။

 

ပနမ်းအမျိုးသမီးများသည် ရင်တစ်ဖက်ကို မဖုံးကြပေ။ အပျို အအို ခွဲခြားသိနိုင်သောအချက်မှာ လည်ဆွဲပုတီးများဖြစ်သည်။ အပျိုနှင့် ကလေးမရသေးသော အိမ်ထောင်သည် အမျိုးသမီးများသည် လည်ဆွဲပုတီးရှည်ကြီးများကို ခါးအထိအရှည်ချ၍ ဝတ်ဆင်ကြသည်။ ကလေးရသောအခါတွင် လည်ပင်းပတ် ပုတီးများကိုသာ ဝတ်ဆင်ကြတော့သည်။ လည်ဆွဲ ဆွဲသော အလေ့အထသည် ခမီ၊ အနူး၊ ခေါင်စိုတို့တွင် အတူတူပင်ဖြစ်သည်။ ပနမ်းအမျိုးသမီးလေးများသည် ခါးဝတ်သင်တိုင်းများကို စည်းရာတွင် ကြွေစေ့များဖြင့် သီတန်းထားသော ကြိုးလေးများဖြင့် စီထားတတ်ကြသည်။

 

ပနမ်းအမျိုးသမီးများ၏ ဆံပင်ထုံးဖွဲ့ပုံမှာ ဆံပင်ကို နောက်တည့်တည့်မှ ထက်ခြမ်းညီညာစွာ ခွဲ၍ ဆံကျစ် ကျစ်ပြီး ယင်းဆံကျစ်မြီးကို ရှေ့သို့ ယူလာပြီး နဖူးပေါ်တွင် သေသပ်စွာ ပတ်၍ထားသည်။ နံနက်လင်းသည်နှင့် ဆံပင်ကို ပထမဆုံး ပြုပြင်လေ့ရှိကြသည်။

 

ရှေးအခါကမူ ကလင်ကော့(လူရှေ) အမျိုးသားများသည် ၁၅ နှစ်မပြည့်မီတောင်ရှည် ချည်ပုဆိုးတစ်ထည်ကို ခါးမှလည်ပင်းအထိ သိုင်းပတ်၍ထားသည်။ အရွယ်ရောက်လာသောအခါ ဒူးဆစ်အထိ ရှည်သော လက်ရှည်အင်္ကျီနှင့် အဖြူရောင်ခါးတောင်းကျိုက် ခါးဝတ်ကို ဝတ်ဆင်သည်။ ခေါင်းပေါင်းအဖြူကိုပေါင်း၍ တစ်စကို ဆံပင်နှင့်အတူ ရောထုံးထားသည်။ အဝါရောင်ခြယ် ငါးဘီးနှင့်ပုတီးများကိုလည်း ဆင်ယင်ကြသည်။ ။

 

“မရာ” အမျိုးသားတို့သည် ဆံပင်ကိုရိတ်၍ ထိပ်ရှေ့နားတွင်သာ ဆံပင်အကွက်တစ်ခု ချန်ထားသည်။ အရွယ်ဝင်သော် ဆံပင်အရှည်ထားသည်။ ခေါင်းပေါင်းအဖြူကို ပတ်၍ ဆံပင်ကို ထိပ်တည့်တည့်တွင် ထုံးထားသည်။ ခါး တွင်လည်း အနံတို အလျားရှည် ပိတ်ဖြူးတစ်ခုကို ခါးတောင်းကျိုက်၍ ရှေ့နှင့် နောက်တွင် အမြတ်များချထားသည်။ ပွဲလမ်းသဘင်အခါများတွင် စက်ရုံစောင် များကိုပတ်၍ ဝတ်ဆင်ကြသည်။ မရာနှင့် ကလင်ကော့ (လူရှေ) အမျိုးသားများသည် ရှေးအခါက ပုတီးများဆွဲခြင်း၊ နားတောင်းများ ပန်ဆင်ခြင်းပြုလုပ်ကြသည်။

 

မရာနှင့် ကလင်ကော့ (လူရှေ)တို့ကို ချန်လှပ်၍ ကျန်ချင်းအမျိုးသား၊ အမျိုးသမီးများသည် နားတောင်းကြီးများကို ဝတ်ဆင်ကြသည်။ အချို့ဆင်းရဲသူများသည် ဝါးများကို နားတောင်းအဖြစ် ဝတ်ဆင်ကြသည်။ လက်မဝက်ခန့် အပြားရှိသော ငွေလက်ကောက်ကြီးများကိုလည်း ဝတ်ဆင်ကြသည်။

 

mdn

 

နားတောင်းအသီးသီးကို ပန်ဆင်

 

ရှေးအခါက ကလင်ကော့(လူရှေ) အမျိုးသမီးများသည် အရွယ်မရောက်သေး ါက အမြတ်များပါရှိသည့် ဒူးအထိရှည်သော ခါးဝတ်များကို ဝတ်ဆင်ကြသည်။ အရွယ်ရောက်သော ဒူးအောက်အထိ ရောက်သော အဆက်မပါ၊ အခွံမပါသည့် ထဘီများကို ဝတ်ဆင်ကြသည်။ အိမ်နေရင်းဝတ်သော အပေါ်ခါးပတ် ထဘီများလည်းရှိသည်။ အပျိုကလေးများသည် နောက်ကျောကွဲ လက်တိုအင်္ကျီကို အိမ်တွင် နေရင်းသာမက ပွဲလမ်းသဘင်များတွင်ပါ ဝတ်ဆင်ကြသည်။ ပွဲလမ်း သဘင်များတွင် ရောင်စုံပန်းဖော်ထားသော ထဘီများကို ဝတ်ဆင်ကြသည်။

 

ကြေးဝါခါးကြိုးများကိုလည်း တစ်ပင်မှ သုံးလေးပင်အထိ ပတ်ထားလေ့ရှိကြသည်။ ဆံထိုးများလည်း ထိုးသည်။ ဖန်လုံးပုတီးများကို ရှေးအခါက ချမ်းသာသော အမျိုးသမီးများသာ ဆင်မြန်းနိုင်ကြသည်။ ခမီအမျိုးသမီးများနှင့် မတူသော နားတောင်းအသီးသီးကိုလည်း ပန်ဆင်ကြသည်။ မရာအမျိုးသမီးလေးများသည် ဆံပင်အရှည်ထားကြ၍ အပျိုလေးများသည် ဆံပင်ကို နောက်တွင် ထုံးထားကြသည်။ အမည်းခံအပေါ်တွင် ပန်းကွက်များ ဖောက်ထားသော ခါးဝတ်ထဘီများကို ဝတ်ဆင်ကြသည်။ ယင်းထဘီသည် ဒူးအောက်အထိရောက်၍ ခမီချင်းမလေးများကဲ့သို့ ဘေးခွဲခြင်း မရှိပေ။ အင်္ကျီမှာ ကော်လာမဲ့၊ ကျောကွဲ၊ လက်ပြတ်ဖြစ်သည်။ ရင်ညွန့်အထက်ပိုင်းတွင် အနီ သို့မဟုတ် အမည်းကျား အသွေးရှိသည်။ ရင်ညွန့်အောက်ပိုင်းတွင် သိုးမွှေး နှင့် ရောင်စုံပန်းထိုးထားသည်။ မရာအမျိုးသမီးများသည် ကလင်ကော့(လူရှေ) အမျိုးသမီးများကဲ့သို့ ထဘီနှစ်ထပ် ဝတ်ဆင်လေ့ မရှိ။

 

အိမ်အဝတ်၊ အလုပ်ဆင်းသော အဝတ်ဟူ၍လည်း ကလင်ကော့(လူရှေ)တို့သည် ခွဲထားခြင်း မရှိပေ။ ပုတီးအမျိုးမျိုးနှင့် ဆံထိုးများကိုလည်း အသုံးပြုကြသည်။ အသက်ငယ်စဉ်အခါက ဒန်ဆံထိုးများကို သုံး၍ အသက်ကြီးသောအခါ ပန်းဖော်၍ ဆေးခြယ်ထားသော ဝါးတံထိုးများကို သုံးသည်။ သတ္တုလက်ကောက်များ၊ ငွေပြား၊ ဆွဲကြိုးများကိုလည်းဝတ်ဆင်ကြသည်။

 

မြို့ အမျိုးသားများသည် များသောအားဖြင့် အပေါ်အင်္ကျီဝတ်သူ နည်းပါးလှသည်။ ယင်းတို့၏ ရိုးရာဝတ်စားဆင်ယင်ပုံမှာ အနံ လက်ငါးလုံးမျှ ရှိသော ပိတ်ဖြူစ တစ်စကို ခါးတွင်သိုင်း၍ လုံခြုံအောင် ဆင်ထားခြင်းသာလျှင် ရိုးရာ ဆင်ယင်မှုဖြစ်သည်။

 

မြို့ အမျိုးသမီးများသည် ဆံပင်ကို နောက်ဆုံးပင် ထားလေ့ရှိကြသည်။ နားတွင် ငွေဖြင့် ပြုလုပ်ထားသော နားတောင်းများကို ဆင်မြန်းလေ့ရှိကြသည်။ နားတောင်းများတွင် အလွန်တရာလှပသော အကွက်များဖော်ထားသည်။ လည်ပင်းတွင် ငွေပြားများကို တတ်နိုင်သလောက် ဆင်မြန်းလေ့ရှိကြသည်။ ထိုငွေပြားများအပြင် တောက်ပသော လည်ဆွဲတန်ဆာများကိုလည်း ဆင်မြန်း လေ့ရှိကြသည်။

 

ရောင်စုံချည်မျှင်များဖြင့် အကွက်ဖော်

 

အင်္ကျီဝတ်ဆင်မှုတွင် အပျိုနှင့် အအိုခွဲခြား သိရှိနိုင်လေသည်။ အပျိုများသည် အင်္ကျီကို လုံခြုံအောင် ဝတ်လေ့ရှိကြပြီး အအိုများမှာမူ လုံခြုံအောင် ဝတ်ဆင်လေ့မရှိကြပေ။ အချို့သော အအိုများမှ အင်္ကျီပင်ဝတ်လေ့မရှိကြချေ။ အင်္ကျီမှာ အနက်ရောင်ဖြစ်၍ အချို့ သော အမျိုးသမီးများသည် အင်္ကျီမဝတ်ဘဲ အဝတ်စ တစ်စကို ပုဝါသဖွယ် ပခုံးတစ်ဖက်တစ်ချက်မှ ချထားကြသည်။ အချို့သောအင်္ကျီများမှာ ဘေးကွဲများဖြစ်ကြသည်။ အင်္ကျီအနက်ပေါ်တွင် မိမိတို့နှစ်သက်သလို ရောင်စုံချည်မျှင်များဖြင့် အကွက်ဖော်၍ ဝတ်ဆင် လေ့ရှိကြသည်။

 

ခါးဝတ်နှင့်ပတ်သက်လျှင် အပျို၊ အအိုမခွဲခြားဘဲ တစ်ပေခန့်အလိုရှိသော အနက်ရောင် ချည်စတစ်စကို ဘယ်ဘက်မှ ညာဘက်သို့ တစ်ပတ်ပြည့်အောင် ပတ်ထားကာ အပေါ်မှ ကြိုးသို့မဟုတ် ပြုတ်မကျနိုင်အောင် ခိုင်မြဲမည့်အရာ တစ်ခုခုနှင့် နှောင်တည်းထားလေ့ရှိကြသည်။ ယင်းအနက်ရောင် ချည်စတစ်ခု၏ အရှည်မှာ ဒူးအထက်တွင်သာ ရှိလေသည်။ မြစ်ကမ်းပါး၊ ချောင်းနားတွင် နေထိုင်ကြသူများသည် အများအားဖြင့် ဒူးပေါ်အောင် မဝတ်ဆင်ကြပေ။ ဒူးအောက်အထိချ၍ ဝတ်ဆင်လာကြသည်။

 

အထက် လေးမြို့တိုက်နယ်ရှိ မယာချင်းတို့သည် ဆံပင်ကို ရှေ့နဖူး တည့်တည့်တွင် ထုံးထားလေ့ရှိကြသည်။ လူပျိုလူရွယ်လေးများပင် ထုံးလေ့ ရှိကြသည်။ ယင်းဆံထုံးကို ဖော်၍အောက်မှနေပြီး ခေါင်းပေါင်းလေ့ရှိကြသည်။ ခေါင်းပေါင်းကိုမူ မိမိတို့နှစ်သစ်ရာ အဝတ်စများနှင့်ပင် ပြုလုပ်ကြသည်။ ထိုဆံထုံးတွင် ကြက်တောင် သို့မဟုတ် လှပသော ငှက်တိရစ္ဆာန်များမှ အတောင်အမွေးတို့ကို နှစ်ချောင်းမှလေးချောင်းအထိ ထိုးထားလေ့ရှိကြသည်။ အချို့နားပေါက် များရှိကြသော်လည်း နားတောင်း မရှိကြချေ။ အချို့လည်း ငွေဖြင့် ပြုလုပ်သော နားတောင်းများကို ဝတ်ဆင်ကြသည်။ ရိုးရာဝတ်စားပုံမှာ မြို့အမျိုးသားများကဲ့သို့ပင် အနံ လက်ငါးလုံးမျှရှိသော ဖျင်စတစ်စကို ခါးတွင် သိုင်းကာ လုံခြုံအောင် ဆင်ယင်ထားခြင်းသာ ဖြစ်သည်။ ခါးတွင် တစ်ထွာသာသာခန့်ရှိ ပလိုင်းငယ်တစ်လုံးတွင် ဓားမြှောင်တစ်ချောင်းနှင့် ဓားကို ထည့်ထားလေ့ရှိကြသည်။

 

အထက်လေးမြို့ ချင်းအမျိုးသမီးများသည် ချောင်ကျသော နေရာဒေသ အလိုက် ဆင်ယင်မှုများလည်း ကွဲသွားသည်။ နားတွင် နားပေါက်များ ထွင်းထားသော်လည်း မည်သည့်အဆင်တန်ဆာကိုမျှ မပန်ဆင်ကြပေ။ လည်ပင်းတွင် ပုတီးကုံးလေးဆွဲထားသူများကို အနည်းငယ်တွေ့ရသည်။ ကိုယ်ပေါ်တွင် ယင်းတို့ကိုယ်တိုင်ရက်လုပ်သည့် အလှဖော်ထားသော ဖျင်ကြမ်းအကျီ ထူထူကြီးများကို ဝတ်ကြသည်။ ကြေးကွင်းကြီးများကို လက်ကောက်အဖြစ် ဝတ်ဆင်ကြသည်။

 

ခါးတွင် အနီတစ်ပေခန့်ရှိအဝတ်ထူထူအစတစ်စကိုကွင်းပိတ်ချုပ်ပြီးနောက် မြန်မာအမျိုးသားများ လုံချည်ဝတ်ဆင်သကဲ့သို့ ချက်နေရာတွင် စုစည်း၍ ကြိုးတစ်ခုဖြင့် ခါးကိုပတ်ချည်ထားသည်။ ကျောဘက်တွင်ကား ထိုကြိုးစသည် အဝတ်ကိုမိအောင် ချည်မထားသဖြင့် အဝတ်သည် အောက်သို့တင်ပါးအထိတွဲကျနေသည်။ ခြေချင်းဝတ်နေရာတွင် ဘော်ခြေချင်းကွင်းကြီးကို ဝတ်ဆင်လေ့ရှိသည်။ မျက်နှာတွင် လှပအောင် ပါးရဲထိုးထားခြင်းမှာလည်း အဆင်တန်ဆာ တစ်ခုပင်ဖြစ်သည်။ အချို့ ပန်းကွက်များပင် ဖော်ထားသည်။ အမျိုးသားများကလည်း ပါးရဲထိုးမှ လှပ သည်ဟု ယူဆကြသည်။

 

အောက်လေးမြို့တိုက်နယ်ရှိ လေးတူချင်းအမျိုးသားများသည် သျှောင်ထုံးထားလေ့ရှိကြသည်။ လူငယ်များမှာ ခေတ်ကာလ ဆံတောက်များနှင့်ပင် ဖြစ်သည်။ နားတွင် နားတောင်းများ ဝတ်ဆင်လေ့ရှိကြသည်။ များသောအားဖြင့် အမျိုးသားများမှာ အထက်လေးမြို့ ချင်းများကဲ့သို့ အနံလက်ငါးလုံးမျှ ရှည်သော ဖျင်စတစ်စကို ခါးမှသိုင်းကာ ဝတ်ဆင်ခြင်းပင်ဖြစ်သည်။ အင်္ကျီလည်း ဝတ်လေ့မရှိကြချေ။

 

လေးတူ အမျိုးသမီးများသည် ဆံပင်နောက်တွဲပင်ထုံးကြသည်။ မျက်နှာတွင် ပါးရဲကို စိပ်စိပ်မှကျဲကျဲ ကြိုက်သလိုထိုးလေ့ရှိကြသည်။ ငွေဖြင့်ပြုလုပ်သောနားတောင်းကြီးများကို ပန်ဆင်လေ့ရှိကြသည်။ လည်ပင်းတွင် ငွေပြားများ၊ ပုတီးများကိုလည်း ကြိုက်သလိုဆွဲလေ့ရှိကြသည်။ အင်္ကျီမှာ များသောအားဖြင့် အနက်ရောင်ဖြစ်သည်။ အနက်ရောင်ချည်ကို မိမိတို့ကြိုက်သောပုံစံဖြင့် အင်္ကျီချုပ်ပြီး မိမိတို့နှစ်သက်သော ရောင်စုံချည်မျှင်များဖြင့် လိုအပ်သည့် အလှအပကို ထိုး၍ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များ၌ ထဘီပေါ်တွင်လှပသော အဝတ်စတစ်စကို ရှေ့ပိုင်းနှင့် နောက်ပိုင်းမှ တစ်စစီထပ်ဝတ်ပြီး မြဲစေရန် ကြိုးဖြင့်ချည်နှောင်လေ့ရှိကြသည်။

 

ယခုအခါ ခေတ်တိုးတက်ပြောင်းလဲလာသည်နှင့်အညီ တိုင်းရင်းသား ရိုးရာဝတ်စုံများမှာလည်း သစ်လွင်ပြောင်းလဲလာခဲ့သည်။ ယခင်ကထက် လက်ဗိုင်းငင်ချည်များသုံးစွဲရာမှ စက်ရက်ကန်းဖြင့် အထည်များအား ရက်လုပ်လာခဲ့၍ ပိုမိုသုံးစွဲလာကြသည်။ ယခင်က ဗိုင်းငင်(ဂျပ်ခုတ်)ထည်မှ ရက်ကန်း ထည်များဖြစ်လာခဲ့သလို အချိန်တိုတောင်းစွာ ရရှိလာခဲ့သည်။ တိုးပွားလာသော လူဦးရေနှင့်အညီ ခေတ်မီတိုင်းရင်းသား ဝတ်စုံများလည်း အချိန်မီရရှိလာခြင်းမှာ ကလေးမြို့နယ် တာဟန်းရပ်ကွက်ကဲ့သို့ နေရာမျိုးတွင်အိမ်တိုင်းလိုလို စက်ရက်ကန်းလုပ်ပြီး အိန္ဒိယချည်ကိုသုံးစွဲကာ လှပ၍ ခိုင်ခံ့သည်။ အမရပူရမြို့နယ် (တောင်မြို့)တွင်လည်း နိုင်ငံခြားချည်များ သုံးစွဲ၍ သစ်လွင်တောက်ပသော အထည်ဒီဇိုင်းပုံစံများမှာ လူကြိုက်များလှသည်။

 

ချင်းတိုင်းရင်းသားတို့၏ ဝတ်စုံများမှာ အစိမ်း၊ အနီ၊ အပြာ၊ အဝါ၊ လိမ္မော်၊ အနက်၊ အဖြူ ရောင်စုံကို အသုံးပြုပြီး စိန်ပွင့်သဏ္ဌာန်၊ ပန်းသီကုံးသည့်သဏ္ဌာန်၊ ရေလှိုင်းသဏ္ဌာန် ပုံဖော်ချုပ်လုပ်ခြင်း၊ ထဘီအမြိတ် အလှဆင်ခြင်းဖြင့် လှပသော ပန်းချီကားများ၊ ဆွဲဆောင်မှုရှိသော ဓာတ်ပုံများ ကြည့်မြင်ရသူပမာ ရင်ထဲတွင် နှစ်သက်ကြည်နူးစေသည်။ သန့်ရှင်းသောလေကို ရှူရှိုက်ရ သကဲ့သို့ လန်းဆန်းနှစ်သက်စေသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှိတိုင်းရင်းသားတိုင်းတွင် နက်နဲ၍ အနှစ်သာရပြည့်ဝသော ရိုးရာဝတ်စုံများအား ဂုဏ်ယူမြတ်နိုးစွာ ဝတ်ဆင်လျက်ရှိကြပေသည်။ မြန်မာနိုင်ငံဟူသော လှပသည့် ပန်းပေါင်းစုံဥယျာဉ်ကြီးတွင် နေထိုင်ကြသော တိုင်းရင်းသားများသည် ၎င်းတို့၏ ရိုးရာဝတ်စုံများကို မြတ်နိုးစွာဝတ်ဆင်ခြင်းဖြင့် ဇာတိပုညဂုဏ်မာန၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အား ဂုဏ်ယူစွာထိန်းသိမ်းလျက်ရှိသကဲ့သို့ မျိုးဆက်သစ် လူငယ်များအားလည်း စံနမူနာပြ ဝတ်ဆင်ပြခြင်းဖြစ်သည်ကို မည်သူမျှ ငြင်းပယ်နိုင်မည် မဟုတ်ပါလော။

 

ကြေးမုံ