ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ကိုယ်ခံအားနဲ့တိုက်ထုတ်မယ်

၂၆  ဇန်နဝါရီ

မိုးလေးစိုလိုက်၊ ပြန်ပူအိုက်လာလိုက်နဲ့ ရာသီဥတုအခြေအနေတွေကြားမှာ ကိုယ်ထင်ပြလာတာက အအေးမိ၊ တုပ်ကွေးပဲဖြစ်ပါတယ်။ ဟပ်ချိုး၊ အဟွတ်ဟွတ် ဆိုတဲ့အသံလေးတွေ ကြားကြားနေရသလို နှာစေးနေတဲ့သူ၊ ဖျားနေတဲ့သူ၊ လည်ချောင်းနာနေသူတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့လာရမှာပေါ့။ ဒီကြားထဲ ရာသီတုပ်ကွေးဆိုတဲ့ H1N1 လိုရောဂါပိုးတွေ ကူးစက်နိုင်တဲ့အန္တရာယ်လည်း ရှိပါသေးတယ်။ ဒါပေမယ့် ကံကောင်းတာက ကိုယ်ခံအားစနစ်လို့ခေါ်တဲ့ သဘာဝကပေးတဲ့လက်ဆောင်တစ်ခု ကျွန်မတို့ခန္ဓါကိုယ်မှာ ပါလာပြီးသားဖြစ်နေတာပါပဲ။

ဒီသဘာဝလက်ဆောင်ကို ကောင်းကောင်းအသုံးချနိုင်ရင် ရာသီတုပ်ကွေးလည်းကြောက်စရာ မလိုပါဘူးတဲ့နော်။ ကိုယ်ခံအားသာကောင်းနေရင် ရောဂါပိုးတွေ မကူးစက်အောင် ကာကွယ်နိုင်စွမ်း ပိုများသလို ကူးခဲ့ရင်တောင် ပြန်တိုက်ထုတ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့ကလည်း ကုန်ကျစရိတ်များတဲ့ အထူးဆေးဝါးတွေ သောက်ဖို့၊သွင်းဖို့မလိုပါဘူး။ လွယ်လွယ်လေးပါ။

 

a

 

အိပ်ရေးဝအောင်အိပ်မယ်

အိပ်ရေးပျက်ရင် ကိုယ်ခံအားနည်းစေပြီး ခန္ဓါကိုယ်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်းရှိဖို့လိုပါတယ်။

စိတ်ဖိစီးမှုကိုဖြေရှင်းမယ်

စိတ်ဖိစီးမှုကြောင့်ခန္ဓါကိုယ်မှာ ထွက်လာတဲ့ကော်တီဆောဟော်မုန်းက ကြာလာရင် အစားအသောက်မူမမှန်တာ၊ အအိပ်မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓါကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

အရက်၊ ဆေးလိပ်ရှောင်မယ်

သိထားပြီးတဲ့အတိုင်းပဲဆေးလိပ်နဲ့အရက်က ကျန်းမာရေးကို ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်ကြောင့် ကိုယ်ခံအားကိုထိခိုက်စေတယ်၊ အဆုတ်ပိုးဝင်တာ၊ လေပြွန်နဲ့ အဆုတ်ရောဂါတွေဖြစ်စေနိုင်တယ်၊ အရက်ကြောင့် ကိုယ်ခံအားကိုထိခိုက်စေပြီး အတွင်းကလီစာတွေကို ရောဂါကူးစက်လွယ်စေနိုင်တယ်။ ဒီတော့ မဖြတ်နိုင်ရင်လျှော့သောက်ပါ။

အာဟာရမျှတအောင်စားမယ်

ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့်အာဟာရဓါတ်တွေရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပါ။ တုပ်ကွေးရာသီမှာ အစားလျှော့ Diet လုပ်တဲ့သူတွေ ကိုယ်ခံအားစနစ် အားမနည်းအောင်ဂရုစိုက်စီမံသင့်ပါတယ်။

လက်ဆေးတဲ့အကျင့်ကိုမွေးပါ

လက်မဆေးဘဲ အစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီး လက်မဆေးတာတွေက ရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရလို့ လက်အသားအရေခြောက်သွေ့တယ်ထင်ရင် hand cream ဖြစ်ဖြစ် သံလွင်ဆီဖြစ်ဖြစ် ပြန်လိမ်းလို့ရတာပဲ။ လှုပ်ရှားသွားလာရင်း အလွယ်တကူဆေးနိုင်ဖို့ လက်သန့်ဆေးရည် အိတ်ကပ်ထဲဆောင်ထားပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်မယ်

လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။ သန့်ရှင်းမှုကို ဂရုစိုက်မှရောဂါပိုးတွေရန်က ကာကွယ်နိုင်ပါလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်

တစ်နေ့လုံးနေမှ မိနစ်ပိုင်းလောက်လေ့ကျင့်ခန်းလုပ်ရတာ သိပ်အလုပ်မရှုပ်လောက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ Gym သွားမှ မဟုတ်ပါဘူး။ ခြေနဲ့လက်လှုပ်ပြီး ဟိုဟိုဒီဒီ လမ်းထလျှောက်လည်းရတယ်၊ အကြောဆန့်ရုံလည်းရတယ်၊ ယောဂလေ့ကျင့်ခန်းနှစ်ကွက်လောက် ဆိုလည်းဖြစ်တယ်။ ဘာများခက်ခဲမှာမို့လို့လဲ။

ကိုယ်ခံအားတက်စေမယ့် အစားအသောက်တွေကို စားပေးမယ်

အာဟာရပြည့်အောင်စားပေမယ့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်မယ့် အစားအသောက်တွေကိုလည်း ထည့်စားမယ်၊ ပိုစားမယ်ဆို အထောက်အကူဖြစ်စေနိုင်တယ်။ ဥပမာ ကြက်သွန်ဖြူဆိုရင် ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိပါဝင်သလို ကိုယ်ခံအားလည်းတိုးစေတယ်။ ဒါပေမယ့်အပူပေးလိုက်ရင် သူ့ရဲ့အဓိကပါဝင်ပစ္စည်းကို အားပြယ်စေလို့ အစိမ်းစားတာပိုကောင်းပါတယ်။ အသုပ်နဲ့တွဲစားတာ၊ လက်ဖက်သုပ်နဲ့စားတာ၊ ဗီတာမင်စီပါတဲ့ သံပရာသီးနဲ့ အချဉ်ထောင်းစားတာမျိုးပေါ့။ နောက်တစ်ခုက ဆေးဖက်ဝင်တဲ့မှိုတွေပါ။ ရှီတာကီမှိုလိုမျိုးဆေးဖက်ဝင်မှိုတွေက ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဗီတာမင်စီ ပါတဲ့ အစားအသောက်၊ အသီးအနှံ၊ အသီးအရွက်တွေကိုလည်း စားပေးလို့ရတယ်။ ကြက်စွပ်ပြုတ်သောက်တာလည်း အသားဓါတ်အပါအဝင်အာဟာရ ဓါတ်တွေရနိုင်တဲ့အပြင် ကိုယ်ခံအားတက်စေတဲ့နည်းတစ်မျိုးပါ။

ဒီလောက်ဆို တော်တော်လေးစုံနေပြီဆိုတော့ သဘာဝကာကွယ်မှုစနစ်ကို စောင့်ရှောက်ဖို့ သေချာလိုက်နာပြီး ရောဂါကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ကြလိုက်ပါတော့။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”